MT News
Written by Nay Moe
PDF များ သ-တ်ဖြတ်မှုကြောင့် ဩဂုတ် ၂ ရက် တစ်နေ့တာအတွင်း ပြည်သူ ၄ ဦးသေဆုံးသည့်အပြင် ဆိုင်ကယ်ဖြင့် မိုင်းလာထောင်သည့် လင်မယားပါ သေဆုံးခဲ့၍ တစ်နေ့တာအတွင် လူ ၆ ဦးသေဆုံးခဲ့သည်။
ဩဂုတ်လ ၂ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာ၏ လမ်းမဘေးဝဲဘက်ခြမ်း၌ သေနတ်၊ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက် ၃၅ နှစ်ခန့် အမျိုးသား တစ်ဦး (စိစစ်ဆဲ)တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီခွဲတွင် မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မခင်သီတာထွန်း (၃၉)နှစ် (ဘ) ဦးအောင်ငွေသည် တစ်ရွာတည်းနေ မသက်မွန်(၃၇)နှစ် (ဘ)ဦးညိုမောင်နှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသား ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် မခင်သီတာထွန်းနှင့် မသက်မွန်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ နေသူများဖြစ်ကြသည့် ဦးတင်ဇော်မြင့် (၄၅) နှစ် (ဘ) ဦးညွန့်ရွှေနှင့် ဦးဟိန်းသူကျော် (၃၃)နှစ် (ဘ) ဦးကျော်တင်ပါ အမျိုးသား လေးဦး (စိစစ်ဆဲ) တို့သည် မိုးညှင်းမြို့နယ်မှ အင်းတော်မြို့နယ်သို့ Light Truck မော်တော်ယာဉ်ဖြင့် မြစ်ကြီးနား-ရွှေဘိုကားလမ်းအတိုင်း ထွက်ခွာလာစဉ် နဘားကျေးရွာအနီးရှိ နဘားတန်ပိုစစ်ဆေးရေးဂိတ်နှင့် ပေ ၁၂၀ ခန့်အကွာအရောက် KIA နှင့် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတင်ဇော်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဟိန်းသူကျော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ကသာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ ဩဂုတ်လ ၂ ရက် ည ၆ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဗိုလ်တေဇ(၂)လမ်း လမ်းသွယ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အကြမ်းဖက်သမား နှစ်ဦးတို့သည် Scoopy အဖြူရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းထောင်ရန် ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမား အမျိုးသား တစ်ဦး (စိစစ်ဆဲ) နှင့် အမျိုးသမီး တစ်ဦး (စိစစ်ဆဲ) တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။