၇. ၈. ၂၀၂၃
Written by Pan Ei
ပန်းရောင်တွေနဲ့ ဖုံးလွှမ်းထားတဲ့ “Barbie” ရုပ်ရှင်ဟာ ရုံတင်ငွေပိုင်းမှာတော့ မီးစိမ်းကို အခိုင်အမာပြနေပြီး စတင်ရုံတင်ပြသလို့ နှစ်ပတ်ကျော်အကြာမှာပဲ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရုံတင်ငွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။
အခုလက်ရှိ ကမ္ဘာတစ်ဝန်းမှာ ခေတ်အစားဆုံးရုပ်ရှင်လို့တောင်ပြောလို့ရမဲ့ “Barbie” ရုပ်ရှင်ရဲ့ ရုံတင်ငွေက တနင်္ဂနွေနေ့၊ ဇူလိုင်လ ၆ ရက်က အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်သွားခဲ့တာဖြစ်ပြီး အဲ့ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Greta Gerwig ဟာလည်း ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်တဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဟယ်ရီပေါ်တာဇာတ်ကားတွေအပါအဝင် တခြားသော Warner Bros က ထုတ်လုပ်တဲ့ ကားတွေထက် ပိုပြီး “Barbie” ရုပ်ရှင်က ရုံတင်ငွေ လျင်မြန်စွာ ပိုမိုရရှိနေတာဖြစ်ပြီး ရုံတင်ရက်တူခဲ့တဲ့ Oppenheimer ရုပ်ရှင်ဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိနေပြီပဲ ဖြစ်ပါတယ်။
“Barbie” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ Warner Bros Pictures က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်အမေရိကရုပ်ရှင်ရုံတွေကနေ အမေရိကန် ဒေါ်လာ ၄၅၉ သန်းနဲ့ တခြားနိုင်ငံရပ်ခြားရုပ်ရှင်ရုံတွေကနေ ဒေါ်လာ ၅၇၂ ဒသမ ၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၁၅ ဘီလျံ ရရှိခဲ့တယ်လို့ မနေ့က ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
Ref; Sky News