၈. ၇. ၂၀၂၃
Written by Peya
မုတ်သုန်လေ အားကောင်းနေသည့်အတွက် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီး ရေလျှံခြင်း ဖြစ်စဉ် ပိုဖြစ်လာနိုင်သောကြောင့် သတိထားရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးများပြီး ရေကြီးရေလျှံသည့် ဖြစ်စဉ် ဖြစ်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း အလားတူ ဖြစ်စဉ်မျိုး စတင်ဖြစ်ပွားလာနေခြင်းဖြစ်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းသည့် အခြေအနေ ဖြစ်ကြောင်းလည်း သိရသည်။
“မုတ်သုန်ကတော့ ဒီ ၁၀ ရက်ကျော်လောက်မှ နည်းနည်း အားလျော့ဖို့ ရှိတယ်။ ရခိုင်တို့ မွန်၊ ကရင်တို့ ဘက်တို့ကတော့ မုတ်သုန်ဆက်အားကောင်းမယ့်သဘောဆိုတော့ မိုးရွာသွန်းမှုကတော့ အဲ့ဒီဘက်တွေမှာ ဆက်ပြီးတော့ များနိုင်သေးတာပေါ့။ အဲ့ဒီနေရာတွေတော့ သတိထားဖို့ လိုတာပေါ့လေနော်” ဟု ဦးလှထွန်းက ရှင်းပြသည်။
လာမည့် ဩဂုတ်လ ၁၀ ရက်အထိ မုတ်သုန်အားကောင်းဖွယ်ရှိနေကာ ရခိုင်ပြည်နယ်ဘက်တွင် မိုးရွာသွန်းမှုများနေဦးမည့် အနေအထား ဖြစ်ပြီး မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်လည်း အလားတူပင် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အမှန်တော့ ပြီးခဲ့တဲ့ရက်တွေတည်းက စတဲ့ မိုးပေါ့။ ကပ္ပလီပင်လယ်ပြင်ထဲမှာ မုန်တိုင်းဖြစ်နေတည်းက စ ရွာတယ်။ ပြောရရင်တော့ ဇူလိုင်လ ၂၉၊ ၃၀ တည်းက ရွာတဲ့ မိုးဟာ အဲ့ဒီတုန်းကလည်း တော်တော်များတာပေါ့။ နောက်ပိုင်းရက်မှာ နည်းနည်းလေး လျော့သွားပြီး အခု မုတ်သုန်ကလည်း ပြန်တက်လာတော့ မိုးများတာပေါ့။ မိုးများနေတဲ့ အနေအထားမှာ ရေကြီးရေလျှံမှုက ဒီထက်ပိုပြီး နည်းနည်း တိုးလာမယ့် အနေအထား ရှိတာပေါ့။ မိုးက မလျှော့သေးတဲ့ အနေအထားပေါ့။ လျော့လည်း နည်းနည်းပဲ လျော့မဲ့ အနေအထားဆိုတော့ ရေကြီးရေလျှံမှုတွေက တော်တော်လေး သတိထားရဦးမယ့် အနေအထားပါ” ဟု ဦးလှထွန်းက ဆိုသည်။