၇. ၈. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင် Norodom Sihamoni က နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အမိန့်စာတစ်စောင်ကို ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဟွန်မာနက်က ကမ္ဘောဒီးယားနိုင်ငံ၏ တော်ဝင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖြစ်ကာ ကမ္ဘောဒီးယားတော်ဝင်ကြည်းတပ်၏ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ပြီး ၎င်းက ဇူလိုင်လအတွင်းက ကျင်းပခဲ့သောရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)၏ ထောက်ခံမှုကိုလည်း ရရှိခဲ့သည်။ ၎င်းက နိုင်ငံကို ဆယ်စုနှစ် လေးခုနီးပါးအုပ်ချုပ်ခဲ့သော ဖခင်ဖြစ်သူ ဟွန်ဆန် ထံမှ တာဝန်လွှဲပြောင်းရယူမည်ဖြစ်သည်။
သို့သော် ဟွန်မာနက်အနေဖြင့် ဝန်ကြီးချုပ်အဖြစ် တရားဝင်ဖြစ်လာရန်အတွက် ၎င်းနှင့်၎င်း၏အစိုးရအဖွဲ့တို့ကို ဩဂုတ်လ ၂၂ ရက်တွင် ကျင်းပမည့် ပါလီမန်က ယုံကြည်စိတ်ချမှုရှိကြောင်း အတည်ပြုရမည် ဖြစ်သည်။ဟွန်ဆန် အနေဖြင့်မူ ၂၀၂၄ ခုနှစ်ဆန်းပိုင်းတွင် အထက်လွှတ်တော် ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်ပြီး ဘုရင်ဖြစ်သူပြည်ပခရီးသွားနေစဉ် နိုင်ငံ၏အကြီးအကဲအဖြစ်တာဝန်ယူလိမ့်မည်ဖြစ်ကြောင်းလည်း သိရသည်။
အသက် ၄၅ နှစ်ရှိကာ အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပညာသင်ကြားခဲ့သော ဟွန်မာနက် အနေဖြင့် ဖခင်ဖြစ်သူ ဟွန်ဆန်ထက်ပို၍ လစ်ဘရယ်ဆန်လိမ့်မည်ဟု အချို့က မျှော်လင့်ထားကြသည်။ ၎င်းက ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ၏သမ္မတ ရှီကျင့်ဖိန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အချို့တို့ နှင့်လည်း တွေ့ဆုံခဲ့ဖူးသည်။
၎င်းကို နိုင်ငံအား ခမာနီတို့အုပ်စိုးစဉ် ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် မွေးဖွားခဲ့၍ ဇနီးသည် Pich Chanmony နှင့်အတူ သမီးနှစ်ယောက်နှင့် သားတစ်ယောက်ရှိကြောင်း သိရသည်။
Ref—–Khmer Times, CNA