၇. ၈. ၂၀၂၃
Written By Thandar
အူရီဒူးမြန်မာက မြန်မာအမျိုးသမီးငယ်တွေကို ဒစ်ဂျစ်တယ်နဲ့ ခေါင်းဆောင်မှု အရည်အသွေး မြှင့်တင်ပေးဖို့အတွက် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ် ၂၀၂၃-၂၀၂၄ ပထမခြေလှမ်းအနေနဲ့ ဆရာဖြစ်သင်တန်း TOT ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ် Grand United Hotel မှာကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ Program က များစွာသော လူမှုအကျိုးပြုတွေထဲက တစ်ခုပေါ့။ အမျိုးသမီးတွေကို စွမ်းဆောင်ရေးမြှင့်တင်ပေးတာပါ။ အထူးသဖြင့် ဒီ Program ရဲ့ အားသာချက်က ဒစ်ဂျစ်တယ်စွမ်းရည်နဲ့ ခေါင်းဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေ အလေးထား ဖန်တီးပေးခြင်းဟာ လူတစ်ဦးတစ်ယောက်တည်းကိုသာမက ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ တိုးတက်မှုနဲ့ သာယာဝပြောရေးကိုပါ ပံ့ပိုးမြှင့်တင်ပေးရာကျတယ်လို့ ယုံကြည်ပါတယ်။ မွန်မြတ်တဲ့ Program မို့ ပံ့ပိုးကူညီပေးဖြစ်တာပါ။ အသက် ၁၆ နှစ်ကနေ အသက် ၂၂ နှစ်အတွင်းရှိ မြန်မာအမျိုးသမီးငယ်တွေကို ဒစ်ဂျစ်တယ်နဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေ မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး Tech Age Girls Myanmar အစီအစဥ်ကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်”လို့ Ooredoo Myanmar က Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောပါတယ်။
အဆိုပါ ဆရာဖြစ်သင်တန်း (TOT) မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်ပေါင်း ၃၃ ခုတို့က သင်တန်းဆရာတွေကို ဒစ်ဂျစ်တယ်အချက်အလက်ဆိုင်ရာတတ်ကျွမ်းမှု (Digital Information Literacy) သင်တန်းပေးအပ်သွားမှာဖြစ်ပါတယ်။ ယခုနှစ် Tech Age Girls Myanmar အစီအစဉ်မှာ သင်တန်းသူ ၂၀၀ အထိ လက်ခံပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းရှိ စာကြည့်တိုက် ၃၃ ခုကို ပြန်လည် လက်ဆင့်ကမ်း သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဆရာဖြစ်သင်တန်း(TOT) အစီအစဉ်ဟာ စုစုပေါင်း (၅) ရက် ကြာမြင့်မှာဖြစ်ပြီး ရန်ကုန်မြို့မှာ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်အချက်အလက်ဆိုင်ရာ တတ်ကျွမ်းမှု Information (Digital Literacy) ပညာရပ်များဖြစ်တဲ့ ICT နည်းပညာ၊ ကွန်ပျူတာသင်တန်း၊ အွန်လိုင်းကိရိယာတွေကို ထိရောက်စွာအသုံးချနည်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ အသိပညာရပ်များကို သင်ကြားမယ်လို့ ဆိုပါတယ်။