၇. ၈. ၂၀၂၃
Written by Pan Ei
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာ ပြင်းအား ၅ ဒသမ ၅ အဆင့် ငလျင်တစ်ခု ဇူလိုင်လ ၆ ရက် တနင်္ဂနွေနေ့ နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့ရာ လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ ၁၂၆ လုံး ပြိုကျခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ် ဒေဇူမြို့ရဲ့ တောင်ဘက် ၂၆ ကီလိုမီတာအကွာမှာ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း သိရကာ အဆိုပါ ငလျင်ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပြည်နယ်ကို ဝင်ရောက်လှုပ်ခတ်တဲ့ ငလျင်တွေထဲမှာ အပြင်းထန်ဆုံးဖြစ်တယ်လို့လည်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦးမှာ ဒေဇူနဲ့ လီယိုချန်မြို့တွေက ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၈၀၀ လောက်အကွာမှာရှိတဲ့ ပေကျင်းနဲ့ တီယန်ကျင်းမြို့တို့အပြင် ရှန်ဟိုင်းမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ငလျင်လှုပ်တာက မဆန်းပေမဲ့ လူဦးရေအများစုနဲ့ မြို့ကြီးပြကြီးများ တည်ရှိရာ နိုင်ငံအရှေ့ဘက်ခြမ်းကို ရိုက်ခတ်တာကတော့ ရှားပါးပြီး ပေကျင်းမီးရထားက ရထားအစီး ၆၀ ကျော် လမ်းကြောင်းကို ဖျက်သိမ်းလိုက်တယ်လို့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
Ref; CNN; AFP