၇. ၈. ၂၀၂၃
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ဩဂုတ်လ ၆ ရက်က ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၃၀ ဦး သေဆုံး၍ ၉၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
မြို့တော် ကရာချိမှ ပန်ဂျပ်ပြည်နယ်အတွင်း ရာဝါလ်ပင်ဒီမြို့သို့ ဦးတည်ခုတ်မောင်းလာသော ရထားက နာဝက်ဘ်ရှာမြို့ အနီးတွင် ရထားတွဲဆယ်တွဲလမ်းချော် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ တိမ်းမှောက်နေသော ရထားတွဲများအတွင်း ခရီးသည်အများအပြား ပိတ်မိနေခဲ့ကြောင်းလည်း ပါကစ္စတန် ရထားပို့ဆောင်ရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့် မာမိုဒူ ရီမန် လာခိုကပြောခဲ့သည်။ ၎င်းက ကယ်ဆယ်ရေးလုပ်ငန်းများမှာ ဩဂုတ်လ ၆ ရက် ညနေပိုင်းတွင် ပြီးဆုံးသွားခဲ့ပြီဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
ဒေသခံရုပ်မြင်သံကြားလိုင်းများ၌ ကယ်ဆယ်ရေးအဖွဲ့များက အမျိုးသမီးများ၊ ကလေးများနှင့်သက်ကြီးရွယ်အိုများကို တိမ်းမှောက်ပျက်စီးနေသော ရထားတွဲများအကြားမှ ဆွဲထုတ်နေကြရသည်ကို ပြသခဲ့ကြသည်။ မြေပေါ်တွင်လဲကျနေသည့် အချို့သောဒဏ်ရာရသူများကလည်း အကူအညီကို ငိုကြွေးတောင်းခံနေကြရာ ဒေသခံများက အစာနှင့် ရေများပေးခဲ့ကြသည်ကို တွေ့ကြရသည်။
ရထားက ရာဝါလ်ပင်ဒီသို့ အမြန်နှုန်း တစ်နာရီ ၅၀ ကီလိုမီတာနှုန်းဖြင့် ဦးတည်ခုတ်မောင်းနေစဉ် ရထားတွဲ ၁၉ တွဲအနက် ၁၀ တွဲက လမ်းချော်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရထားမောင်းနှင်သူကပြောခဲ့သည်။ ၎င်းက “ရထားက ၁၀၅ ကီလိုမီတာနှုန်းအထိ မောင်းနှင်ခွင့်ပြုထားပါတယ်။ အခု ကျွန်တော် မောင်းလာတဲ့နှုန်းနဲ့ ဘာလို့ခုလိုဖြစ်ရလဲ စဉ်းစားလို့ကိုမရဘူး” ဟု ဆက်လက်ပြောခဲ့သည်။ တာဝန်ရှိသူတစ်ဦးက ဤ သို့ လမ်းချော်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဟု ပြောခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် ကိုလိုနီခေတ်ကပင် ဖောက်လုပ်ထားခဲ့သော ရထားလမ်းများမှာ ခေတ်မီကောင်းမွန်စေရန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများနှင့် လုံခြုံစိတ်ချရမှုဆောင်ရွက်မှုများ ညံ့ဖျင်းသောကြောင့် ဤသို့ ရထားလမ်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားရတတ်သည်။
Ref—- The Guardian