
၇. ၈. ၂၀၂၃
Written by Nay Moe
PDF များ၏ မိုင်းထောင်သ-တ်ဖြတ်မှုများကြောင့် ဩဂုတ် ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာအချိန်အတွင်း ကလေးငယ်တစ်ဦးနှင့် သံဃာတစ်ပါး အပါအဝင် လက်နက်မဲ့ပြည်သူ ၇ ဦး သ-တ်ဖြတ်ခံရ၍ သေဆုံးခဲ့ကြရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဥ်များမှာ ဩဂုတ်လ ၃ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်ပလူကျေးရွာ မီးသင်္ဂြိုဟ်စက်အနီး၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦး (စိစစ်ဆဲ)အား ရင်ဘတ်နှင့်ကျောတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ လည်ကုတ်စုတ်ပြဲ ဒဏ်ရာ ၂ ချက် တို့ဖြင့်သေဆုံးနေပြီး ၎င်း၏အနီးမှ AUSA 380 AUTO စာသားပါ ကျည်ခွံ ၁ ခုအား သိမ်းဆည်းရရှိခဲ့သဖြင့် သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒန့်ဒလွန်ပင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေါင်းတင် (၅၆)နှစ် (ဘ) ဦးသန်းမောင်သည် ရွှေပန်းတောကျေးရွာသို့ အမဲသား သွားရောင်းရန်အတွက် ဆိုင်ကယ်ဖြင့်တစ်ဦးတည်း ရွာမွန်-ကျောက်ပန်းတောင်းသွားကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကျွန်းတောကျေးရွာအနီး အဆိုပါကားလမ်း မိုင်တိုင်အမှတ် ၉ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားအရောက် ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဒေါင်းတင်တွင် နဖူး၊ ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ဩဂုတ်လ ၃ ရက် နေ့လယ် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၂)ရပ်ကွက် ဒေသအခေါ် အနောက်ဘက်ကျေးရွာရှိ “သုခိတာရာမ” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝိစိတ္တသာရ၊ သက်တော်(၄၂)နှစ်၊ ဝါတော် (၂၃)ဝါ၊ (ခမည်းတော်) ဦးခေါဂေသည် ဘုန်းတော်ကြီးကျောင်း၌ရှိနေစဉ် PDF ၃၅ ဦးခန့်ရောက်ရှိလာပြီး ဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ဥူးဝိစိတ္တသာရတွင် နဖူးကျည်ထိမှန် ဒဏ်ရာတစ်ချက်ရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဩဂုတ်လ ၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လားရှိုးမြို့နယ်၊ တောင်တလောင့်ကျေးရွာနေ မောင်ထွန်းအေး (၁၁)နှစ် (ဘ)ဦးအောင်ထွန်းအား ဝဲချိုင်းအောက်နှင့် ယာခြေထောက်တို့၌ မိုင်းစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နေ့လယ် ၁၂ နာရီတွင် ၎င်း၏မိဘများနှင့်အတူ ကျေးရွာ၏အနောက်ဘက်ရှိ တောင်ယာသို့အသွား လမ်းဘေးတောစပ်၌ မှိုလိုက်လံရှာစဉ် သောင်းကျန်းသူ(စိစစ်ဆဲ)ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဥ်များအပြင် ထိုနေ့ ည ၈ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၌ ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နေ နမ္မတီးမြို့စည်ပင်ဦးစီးအရာရှိ ဦးဖြိုးဝေစန်း (၃၇)နှစ် (ဘ)ဦးစောသိန်းအောင်သည် ၎င်းပိုင် YGN 3I/7614 Alphard မော်တော်ယာဉ်အား တပ်ကုန်းရပ်ကွက်ဘက်မှ မြို့သစ်ရပ်ကွက်ဘက်သို့ ရွှေလမ်းမကြီးအတိုင်း တစ်ဦးတည်းမောင်းနှင်လာစဉ် မြို့သစ်ရပ်ကွက်၊ “ရဝမ်သူလေး” သဘာဝဆေးမြစ်နှင့် ရိုးရာအထည်အရောင်းဆိုင်အနီးအရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ် တစ်စီးဖြင့်လိုက်ပါလာသည့် အကြမ်းဖက် သမား ၂ ဦး (စိစစ်ဆဲ)မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးဖြိုးဝေစန်းတွင် ဝဲပါးနှင့် ဝဲလက်မောင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်များနည်းတူ ဩဂုတ်လ ၄ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု အောင်သပြေကျေးရွာနေ ဦးသန်းထွေး(၆၁)နှစ် (ဘ) ဦးစံတင်သည် ၎င်း၏ နေအိမ်ဘုရားခန်း၌ အိပ်နေစဉ် PDF ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး နေအိမ်ပေါ်သို့တက်ကာ ဦးသန်းထွေးအား သေနတ်ဖြင့်ပစ်ကာ ဓားဖြင့် ခုတ်ခဲ့သဖြင့် ၎င်းတွင် ယာချိုစောင်းမှ ဝဲနားနောက်ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲဒူးပြတ်ရှ ဒဏ်ရာတစ်ချက် တို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၇ နာရီတွင် မြင်းခြံမြို့နယ်၊ ညောင်ဝန်းကျေးရွာနေ ဦးတင့်နိုင်(၆၅)နှစ် (ဘ)ဦးထွန်းမောင်သည် နဘူးအိုင်ကျေးရွာသို့ ဈေးဝယ်သွားရန် တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင် လာစဉ် နံနက် ၈ နာရီ ၁၅ မိနစ် နဘူးအိုင်ကျေးရွာ ဈေးအရှေ့လမ်းပေါ်အရောက်၌ ၎င်း၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမားတစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးတင့်နိုင်တွင် နဖူးမှဦးခေါင်းနောက်စေ့သို့ ကျည်ဖောက်ထွက် ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
NUG နှင့် PDF များ၏ နွေဦးတော်လှန်ရေးကာလအတွင်း လူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားသည်ဟု NUG ၏ ယာယီသမ္မတဒူဝါလရှီးလကပြောဆိုထားပြီး ထိုအထဲတွင် သံဃာတော်များ၊ သီလရှင်များ၊ ကလေးသူငယ်များ၊ ဆရာဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများနှင့် NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များစသည်ဖြင့် လက်နက်မဲ့ပြည်သူ ၆၀၀၀ ကျော်မှာ “သူလျှို၊ဒလန်၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ”ဆိုသည့် စွပ်စွဲချက်များဖြင့် သတ်ဖြတ်ခံထားရသည်။