MT News
Written by Nay Aung
မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှုအခြေအနေသည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)ကမြန်မာနိုင်ငံ၏ စားနပ်ရိက္ခာအခြေအနေနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် ဖော်ပြလိုက်သည်။
၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းခြင်း၊ ပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်ခြင်း၊ အစားအစာဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းအပြင် မိုခါမုန်တိုင်း၏ သက်ရောက်မှုများ၊ စိုက်ပျိုးရေးအတွက် အဓိကသုံးရမည့်ဓာတ်မြေဩဇာကို ကန့်သတ်ထားခြင်း၊၂၀၂၃ ခုနှစ်အတွင်း မုတ်သုံမိုးရွာသွန်းမှုနည်းပါးပြီး သီးနှံထွက်ရှိမှု လျော့နည်းနေခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှုအခြေအနေက အရေးကြီးလျက်ရှိနေကြောင်း FAO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူ ရခိုင်၊ ချင်း၊ ကယား၊ ကရင်ပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများအပါအဝင် နိုင်ငံ့အရှေ့တောင်ပိုင်းဒေသများနှင့် အနောက်တောင်ပိုင်းဒေသများတွင် စားနပ်ရိက္ခာမလုံခြုံမှုများဖြစ်ပွားလျက်ရှိနေကြောင်း Humanitarian Response Plan (HRP)အဖွဲ့က ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းကတည်းက ပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်လာမှုနှင့်အတူ နေရပ်စွန့်ခွာရသူအရေအတွက်မြင့်တက်ခြင်း၊ ကုန်စည်စီးဆင်းမှုများကို အဟန့်အတားဖြစ်ရခြင်းနှင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမှုများ အကန့်အသတ်ဖြင့်လုပ်ဆောင်ရခြင်းများရှိခဲ့သည်။ ထို့အတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုကောင်းမွန်စေရန် လယ်သမားမိသားစုများအပေါ် ကူညီထောက်ပံ့ပေးမှုများကို ၂၀၂၃ ခုနှစ် စိုက်ပျိုးရေးရာသီကာလအတွင်း ပိုမိုလုပ်ဆောင်ပေးသင့်ကြောင်း FAO အဖွဲ့ကဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် တန်ချိန် ၂၄ ဒသမ ၇သန်း သာရှိခဲ့ပြီး နောက်ဆုံးငါးနှစ်အတွင်း သီးနှံတစ်နှစ် ထွက်ရှိမှုနှုန်း ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့်ခြင်းများကြောင့် ဧည့်မထ ဆန်ဈေးနှုန်းသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပြည်တွင်းဈေးကွက်တွင် စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ကြောင်းသိရသည်။ မြေပဲ၊ ပဲအမျိုးမျိုးနှင့် ပရိုတင်းအားကိုဖြစ်စေသော သီးနှံဈေးနှုန်းများသည်လည်း ၂၀၂၂ခုနှစ်နောက်ပိုင်းတည်းက တဖြည်းဖြည်းမြင့်တက်လာခဲ့ကြောင်း FAO အဖွဲ့က ဆိုသည်။ စားသောက်ကုန်များ ရရှိမှုလျော့နည်းခြင်းအပြင် ဈေးနှုန်းများမြင့်တက်ခြင်းက အိမ်ထောင်စုများ၏ စားနပ်ရိက္ခာလုံခြုံရေးကို တိုက်ရိုက်သက်ရောက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်အတွင်း သီးနှံထွက်ရှိမှုနှုန်း ပျှမ်းမျှအောက် လျော့နည်းခြင်းကြောင့် ရိက္ခာလက်ကျန်များလျော့နည်းလာစေသည့်အပြင် လယ်သမားများ၏ ဝင်ငွေရရှိမှုများကို သက်ရောက်မှုများဖြစ်လာစေခဲ့ကြောင်း FAO အဖွဲ့ကဖော်ပြထားသည်။
Ref- FAO