၅. ၈. ၂၀၂၃.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်းက လက်နက်ကိုင်ဆောင်ထားခြင်း မရှိသောအသက် ၂၀ နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦးအား ၎င်း၏ အိပ်ရာထဲတွင်သေနတ်ဖြင့် ပစ်သ-တ်ခဲ့သော အသက် ၃၀ နှစ်အရွယ် ရဲအရာရှိဟောင်း ရစ်ကီးအန်ဒါဆန်ကို လူသ-တ်မှုနှင့် လူသေစေရန် မဆင်မခြင် ပြုလုပ်မှုတို့ဖြင့် ဩဂုတ်လ ၄ ရက်တွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
အသ-တ်ခံရသော ဒိုနိုဗန် လူးဝစ် အမည်ရှိ လူမည်းအမျိုးသား၏မိခင်က အသ-တ်ခံရသူအတွက်ရော၊ ကျန်ရစ်သူမိသားစုအတွက်ပါ အလွန်ကြမ်းတမ်းရက်စက်သည့်လုပ်ဆောင်မှု ဖြစ်ပါကြောင်း ပြောခဲ့သည်။ လူးဝစ်မှာ ဒေသတွင်းအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုနှင့် သင့်တော်မှုမရှိသော လက်နက်ကိုင်တွယ်အသုံးပြုမှုတို့အပါအဝင် ကြီးလေးသောစွဲချက်များအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်တွင် ၎င်းအားဖမ်းဝရမ်းဖြင့် ဖမ်းဆီးရန် ရဲအရာရှိများ အိမ်သို့ရောက်ရှိလာခဲ့စဉ် ပစ်သ-တ်ခဲ့ကြခြင်းဖြစ်သည်။
ရဲအရာရှိတို့၏ ခန္ဓာကိုယ်တွင်တပ်ဆင်ထားသော ကင်မရာအရ သေနတ်ဖြင့်တစ်ချက်ခန့်မပစ်မီ အန်ဒါဆန်က လူးဝစ်၏ အိပ်ခန်းတံခါးကိုဖွင့်ခဲ့ပြီး အိပ်ရာပေါ်အိပ်နေသော လူးဝစ်အားပစ်ခတ်ခဲ့ခြင်းကို တွေ့ကြရသည်။ လူးဝစ်မှာ ဒဏ်ရာရပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့သည်။
အန်ဒါဆန်အား ပထမဆုံး ရဲတပ်ဖွဲ့မှ ခွင့်ပေးထားခဲ့ပြီး နောက်ပိုင်းတွင် ရာထူးမှထုတ်ပယ်ခဲ့သည်။ လူးဝစ်၏ မိသားစုက ၎င်းတို့အိမ်သို့ လာရောက်ဖမ်းဆီးခဲ့သော အန်ဒါဆန်နှင့် အခြားရဲအရာရှိများကိုပါ တရားစွဲခဲ့သည်။ လူးဝစ်၏ မိသားစုက လူးဝစ်လက်ထဲတွင် မည်သည့်လက်နက်မှ ကိုင်ဆောင်မထားသည်ကို ဗီဒီယို၌ တွေ့ရမည်ဖြစ်ကြောင်း၊ လူးဝစ်က ရဲအရာရှိများအား မည်သည့်ခြိမ်းခြောက်အန္တရာယ်ပြုမှုမှ မပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref—-CNN