၅. ၈. ၂၀၂၃
Written by Min Mahar
ကလေးမြို့ရှိ အထက(၉)ကျောင်းမှ Grade-5 ကျောင်း သား ၂ ဦးနှင့် Grade-4 ကျောင်းသား ၁ ဦးတို့ကို အမည်မသိ PDF နှစ်ဦးက စစ်ဆေးစရာရှိ၍ဟုဆိုကာ ယမန်နေ့မနက်ပိုင်းကခေါ်ဆောင်သွားပြီး ညနေရောက်မှပြန်ပို့ပေးခဲ့သဖြင့် မိဘများထံပြန်လည်အပ်နှံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်၊ နယ်မြေ(၂)၊ အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းဝင်းသို့ အရပ်ဝတ် ဝတ်ဆင်ထားသော PDF အဖွဲ့မှ အမည်မသိအမျိုးသား ၂ ဦးရောက်ရှိလာပြီး Grade-5 စာသင်ခန်းအတွင်း စာသင်ကြားနေသည့် အသက် ၁၃ နှစ်အရွယ်ခန့်ရှိကြသော ကျောင်းသား ၂ ဦး(အင်ဒိုင်းကုန်းရပ်ကွက်၊ ကလေးမြို့နေသူများ)နှင့် Grade-4 စာသင်ခန်းအတွင်း စာသင်ကြားနေသော အသက် ၁၁ နှစ်ခန့်ရှိသည့်ကျောင်းသား ၁ ဦး(အင်ဒိုင်းကုန်းရပ်ကွက်၊ ကလေးမြို့နေသူ)တို့ကို စာသင်ခန်း၏အပြင်သို့ ခေါ်ယူတွေ့ဆုံ၍ Grade-5 ကျောင်းသားတစ်ဦးအား ခေတ္တချန်ထားခဲ့ကာ ကျန်ကျောင်းသား ၂ ဦးတို့အား ဆိုင်ကယ် ၂ စီးဖြင့် တင် ဆောင်၍ မနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ခေါ်ဆောင် သွားပြီးနောက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ၎င်းအမည်မသိအမျိုးသား ၂ ဦးမှာ စာသင်ကျောင်းဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ခေတ္တချန်ထားခဲ့သည့်ကျောင်းသား ၁ ဦးအား ဆိုင်ကယ်ပေါ်တင်ဆောင်၍ ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် စက္ကန့်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းပြောပြချက်အရ သိရသည်။
ယင်းကဲ့သို့ ခေါ်ဆောင်သွားသော ကျောင်းသားများအား စစ်ဆေးရန်အတွက်ရှိသောကြောင့် ယခုလိုခေါ်ဆောင် သွားခဲ့ပြီး ညနေပိုင်းမှ ကျောင်းသို့ပြန်လည်ပေးပို့ခဲ့သဖြင့် ကျောင်းအုပ်ကြီးက မိဘများထံပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြာင်း သိရသည်။
အဆိုပါအထက(၉)ကျောင်းတွင် ဆရာ၊ ဆရာမ ၁၈ ဦးခန့်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလည်း ၎င်းအင်ဒိုင်းကုန်းရပ်ကွက်၏ လုံခြုံရေးအခြေအနေအရ ယနေ့ညနေအထိလာရောက် စုံစမ်းစစ်ဆေးခြင်းများမရှိသေးကြောင်း ဆရာ/ဆရာမနှင့် ကျောင်းသားမိဘများအချို့ထံမှ သိရသည်။
ကလေးမြို့နှင့် စက္ကန့်ကျေးရွာမှာမူ ၈ မိုင်ခန့်ကွာဝေးပြီး ကျေးရွာအနီးတစ်ဝိုက်တွင်လည်း PDF Zoland အဖွဲ့ ၂ မှ ခေါင်းဆောင် မျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက သွားလာနေကြကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။