၅. ၈. ၂၀၂၃
Written By Thandar
SkyNet က မြန်မာနိုင်ငံရဲ့ ပထမဆုံးအနေနဲ့ ၂၀၂၃-၂၄ အင်္ဂလန် Premier League Exclusive Official Broadcaster အဖြစ် ထုတ်လွှင့်သွားမယ့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
SKYNET ရုပ်သံလိုင်းက အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အင်္ဂလန် ဘောလုံးအဖွဲ့ချူပ် အက်ဖ်အေ ထံကနေ ကမ္ဘာတလွှားရှိ နိုင်ငံတွေနဲ့အပြိုင် တရားဝင်တင်ဒါ ယှဉ်ပြိုင်မှုနဲ့ တိုက်ရိုက်ဝယ်ယူကာ မြန်မာနိုင်ငံမှာ တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ပြသခွင့် (Exclusive Broadcasting Rights) ကို SKYNET ရုပ်သံလိုင်း က တရားဝင် ရရှိတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ရုပ်သံလိုင်းက Premier League Logo နဲ့ ပူးတွဲပြီး မြန်မာပြည်အတွက် Official Broadcasting Joint Logo ကို တရား၀င်အသုံးပြုခွင့်ရရှိထားတာဆိုရင် ၁၀ နှစ်ပြည့်ပြီး ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၃- ၂၀၂၄ ရာသီမှာလည်း SKYNET ရုပ်သံလိုင်းအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံး ပွဲစဉ်တွေကို (၁၁) နှစ်ဆက်တိုက် မြန်မာနိုင်ငံမှာ တရားဝင်မူပိုင်ထုတ်လွှင့် ပြသခွင့်ရတာပါ”လို့ အဆိုပါပွဲရဲ့ ဒါရိုက်တာ ဦးသိုက်ထွန်းက ပြောပါတယ်။
SkyNet က အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ၂၀၁၃-၂၀၁၄ ရာသီကနေ စတင်ပြီး ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ တစ်ရာသီမှာ ပွဲစဉ်ပေါင်း ၃၈၀ ထိရှိသလို SkyNet ရုပ်သံလိုင်းက ပွဲစဉ်ပေါင်း ၃၈၀ စလုံးကို ထုတ်လွှင့်ပြသလျက်ရှိတယ်လို့ သိရပါတယ်။ ပြိုင်ပွဲရဲ့ ရာသီပိတ်ပွဲစဉ်ကို ယှဉ်ပြိုင်မယ့် ပွဲစဉ် ၃၈ မှာ ပရီးမီးယားလိဂ်ပွဲ (၁၀) ပွဲစလုံး အချိန်နဲ့တစ်ပြေးညီ ယှဉ်ပြိုင်ကစားကြတဲ့အခါ အဆိုပါ ၁၀ ပွဲစလုံးကို SKYNET SPORTS ရုပ်သံလိုင်းတွေကနေ တစ်ပွဲတလေမှ မလွဲရလေအောင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ အားကစားပရိသတ်တွေ များစွာရှိတဲ့အထဲက ပရီးမီးယားလိဂ်အသင်းတွေကို အားပေးကြည့်ရှုတဲ့ ပရိသတ်က အများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတွေ ကိုယ်တိုင် တရား၀င်အသိအမှတ်ပြုထားတဲ့ Official Fans Club တွေလည်းရှိနေပါတယ်။ ဩဂုတ် ၁၁ ရက်မှာ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီသစ်ကြိုဆိုပွဲကို ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်သွားမှာဖြစ်သလို ဩဂုတ် ၁၂ ရက်မှာ စတင်ထုတ်လွှင့်ပြသမယ့် ပွဲစဉ် ၁ မှာ ယှဉ်ပြိုင်ကစားမယ့် အချိန်တွေကိုလည်း SkyNet Sports ရုပ်သံလိုင်းက ကြေညာသွားမှာ ဖြစ်ပါတယ်။