၅. ၈. ၂၀၂၃
Written By Thandar
ပွဲစျေးတန်းလျှောက် လည်ပတ်ရတဲ့အရသာကို အပြည့်အဝခံစားရမယ့် ဇာတ်ပွဲ၊ ဆပ်ကပ်တွေပါဝင်တဲ့ ပွဲခင်း ဖျော်ဖြေရေးနဲ့ ဈေးရောင်းပွဲကို ဩဂုတ် ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ပြုလုပ်ခါစကာလမို့ လာရောက်လည်ပတ်သူက မျှော်လင့်ထားတာထက် နည်းပါးနေသေးတယ်လို့ အပျော်တမ်းကစားနည်းဆိုင်ကို ခင်းကျင်းထားတဲ့ဆိုင်ရှင်တစ်ဦးက MT News ကို ပြောပါတယ်။
အဆိုပါ ပွဲခင်းမှာတော့ ဆိုင်ခန်းတစ်ခန်းကို ကျပ် ၅ သောင်း သတ်မှတ်ပေးထားပြီး Sky Net က ပက်ကေ့ခ်ျ စျေးနှုန်းအထူးအနေနဲ့ လက်ဆောင်ယူအစီအစဥ်ခန်း၊ အပျော်တမ်းဂိမ်းဆော့ကစားဆိုင်တွေ၊ ရွှေညာက မလေး ကျောက်ပန်းတောင်း အာလူးကြော်နဲ့ မြေပဲပွကြော်ဆိုင် ၊ အမွှေးပွအရုပ်ဆိုင်တွေ ၊ ပင်လယ်ဓားပြ၊ မုန့်ဆိုင်တွေ လူကြီးလူငယ်မရွေးပါဝင်နိုင်တဲ့ ကစားနည်းမျိုးစုံနဲ့ ဇာတ်သဘင်ပွဲတွေ၊ ဆက်ကပ်ပွဲ၊ မျက်လှည့်ပွဲ စတာတွေ ခင်းကျင်းပြသနေတာလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ ပွဲခင်းရဲ့ စျေးတန်းမှာ ဆိုင်ခန်းလေး ဖွင့်ထားတာပေါ့။ ကျွန်တော်တို့ ပထမမျှော်မှန်းထားသလိုမျိုး လူလာနည်းနေတယ်။ အပျော်တမ်း ဂိမ်းကစားစရာ ဆိုင်ဆိုတော့လေ။ မဲပေါက်တဲ့သူတွေအတွက် လျှပ်စစ်ပေါင်းအိုး၊ လျှပ်စစ်ပန်ကာ၊ အမွှေးပွအရုပ်တွေ ပေးတာပါ။ ပွဲလာပရိသတ်တွေက အစပိုင်းနေ့ဆိုတော့ လူလာနည်းတယ်လို့ ထင်ပါတယ်။ ပွဲခင်းရှိတာ ရက်တွေဆက်လာရင်တော့ ပွဲခင်းရောက်သူတွေ ကြည့်ရှုသူတွေ များလာမယ်လို့ ထင်ပါတယ်။ ကပွဲ ဖျော်ဖြေတဲ့နေရာတော့ ပရိသတ်တွေ များကြပါတယ် ”လို့ ပွဲစျေးတန်း အရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
အရောင်းပြပွဲနဲ့ ဖျော်ဖြေပွဲကို ၂ ရက်တာကျင်းပပြုလုပ်မှာ ဆိုင်ခန်းပေါင်း ၂၀ကျော် ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။ အခု ဩဂုတ်လ ပထမအပတ်မှာတော့ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ပြုလုပ်ခဲ့သလို အပတ်စဉ် သောကြာ၊ စနေနေ့တွေကို လစဉ်ပြုလုပ်ဖို့ မျှော်မှန်းထားပေမယ့် ဩဂုတ်လရဲ့ ပွဲဦးထွက် အစမှာတင် စိတ်ဝင်စားသူနည်းပါးသေးတာကြောင့် နောက်လတွေအတွက် ချိန်ဆနေတယ်လို့ အဆိုပါပွဲကိုစီစဉ်သူက ပြောပါတယ်။
ဈေးရောင်းပွဲတော်ရဲ့ ဇာတ်သဘင်ပွဲမှာတော့ တင်မောင်ဆန်းမင်းဝင်း၊ စျာန်ဟိန်းတို့ရဲ့ ဇာတ်သဘင် အကအလှတွေကိုလည်း ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပွဲခင်းအစီအစဥ်အနေနဲ့ ဩဂုတ် ၄ ရက်ကစပြီး ဩဂုတ်တစ်လလုံး အပတ်စဥ် သောကြာ၊ စနေနေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။