၅. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိနေသော ဟိုတယ်စီမံကိန်းကို ဖျက်သိမ်းသွားမည်မဟုတ်ကြောင်း၊ အဆိုပါဟိုတယ်စီမံကိန်း ပြန်လည်လုပ်ဆောင်ရေးက စီးပွားရေးအခြေအနေများအပေါ်တွင် မူတည်နေကြောင်း The Peninsula Hotels စီးပွားရေးလုပ်ငန်းစု အကြီးအကဲတစ်ဦးဖြစ်သူ အမှုဆောင်အရာရှိချုပ်ကထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိနေသည့် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကုန်ကျမည့် ဟိုတယ်စီမံကိန်းကို ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
The Peninsula Hotels လုပ်ငန်းစုအမှုဆောင်အရာရှိချုပ် Clement Kwok က” ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ ဟိုတယ်စီမံကိန်းကိုလက်ရှိအချိန်မှာ ဆိုင်းငံ့ထားတယ်။ ဖျက်သိမ်းတာမျိုးတော့မရှိသေးပါဘူး။ စီးပွားရေးအခြေအနေများအပေါ် မူတည်ပြီးစီမံကိန်းကို ပြန်လည်လုပ်ကိုင်ဖို့ ဆုံးဖြတ်သွားမှာပါ”ဟု ပြောသည်။
The Peninsula Hotels စီးပွားရေးလုပ်ငန်းစုသည် ရန်ကုန်မြို့လယ်က သမိုင်းဝင် မီးရထားအဆောက်အဦးနေရာတွင် ဟိုတယ်စီမံကိန်းကို လုပ်ကိုင်နေခြင်းဖြစ်ပြီးအာဏာအငြင်းပွားမှုများကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စီမံကိန်းတည်ဆောက်မှုများကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်း ပြန်စလိုပါက အချိန်မရွေး ပြန်လည်စတင်နိုင်ကြောင်း၊ စီးပွားရေးအခြေအနေများအပေါ် မူတည်ပြီး ရန်ကုန်မြို့ရှိ ဟိုတယ်စီမံကိန်းကို ပြန်စတင်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်းThe Peninsula Hotels လုပ်ငန်းစုအမှုဆောင်အရာရှိချုပ်က ပြောသည်။
“အဆောက်အဦကို မပျက်မစီး ထိန်းသိမ်းထားပါတယ်။ ဒါဟာ အရမ်းအရေးကြီးတဲ့အချက်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြီးခဲ့သောမတ်လအတွင်း ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
အခန်းပေါင်း ၈၈ ခန်းပါဝင်မည့် Peninsula Yangon ဟိုတယ်စီမံကိန်းကို၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်ရန် အစောပိုင်းက မျှော်လင့်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်ဆိုင်းငံ့ခဲ့သည်။
အဆိုပါ ဟိုတယ်စီမံကိန်းကို စင်ကာပူတွင် မှတ်ပုံတင်ထားသော Yoma Stretegic Holding ကုမ္ပဏီ၊ First Myanmar Investment ကုမ္ပဏီနှစ်ခုအပြင် ဟောင်ကောင်နှင့် ရှန်ဟိုင်းအခြေစိုက် The Peninsula Hotel ဟိုတယ်စီးပွားရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး The Peninsula Hotels ဟိုတယ်စီးပွားရေးလုပ်ငန်းစုက ရှယ်ယာပေါင်း ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ ကျန်ရှယ်ယာများကို မြန်မာကုမ္ပဏီများက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။