၅. ၈. ၂၀၂၃
Written by Naing Thuta
မြောက်ဥက္ကလာပမြို့နယ်တွင် အသက်ကြီးပိုင်းအရွယ် ညီမနှစ်ဦးတည်းသာရှိသည့် နေအိမ်အား လူငယ် ၃ ဦးက ပစ္စည်းလာပို့သူများဟုပြောပြီး Deli အယောင်ဆောင်၍ ဝင်ရောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ကျပ်သားနှင့်ငွေ ကျပ် ၈၅ သိန်းတို့ကို နေ့ခင်းကြောင်တောင် အနုကြမ်းစီး လုယက်သွားမှု ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ် ၄ ရက်)မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာလမ်းရှိနေအိမ်တွင် အသက် ၆၉ နှစ်အရွယ်ပိုင်ရှင်အမျိုးသမီးကြီးနှင့် ညီမဖြစ်သူတို့ နေအိမ်အတွင်းရှိနေစဉ် လူငယ် ၃ ဦး (တစ်ဦးမှ Mask တပ်ထားပြီး ကျန် ၂ ဦးမှာမူ Mask တပ်ဆင်ထားခြင်း မရှိ)သည် နေအိမ်ရှေ့မှ ပစ္စည်းလာပို့သည်ဟု ပြောဆိုသဖြင့် အိမ်ရှင်ညီအမနှစ်ဦးက ဝင်ခွင့်ပြုခဲ့ရာ နေအိမ်အတွင်းရောက်ရှိလာသည့်အခါ ၎င်းတို့ ၃ ဦးအနက်မှ တစ်ဦးသည် အမဖြစ်သူအိမ်ပိုင်ရှင်အား နောက်မှနေ၍ ချွန်ထက်သောအရာဖြင့်ထောက်၍ ၎င်းညီအမနှစ်ဦး၏ လည်ပင်းအား ပလတ်စတစ်ကြိုးဖြင့် စွပ်ပြီး ပါးစပ်ကိုလည်း တိတ်ဖြင့်ပိတ်ကာ အနုကြမ်းစီး လုယက်မှုပြု လုပ်သွားကြောင်း သိရသည်။
အဆိုပါလူငယ် ၃ ဦးသည် ဧည့်ခန်းအတွင်းရှိသည့် ဗီရိုအား အရင်ရှာဖွေခဲ့ရာ ဗီရိုအတွင်းမှ မည်သည့်ပစ္စည်းမှ မတွေ့ရှိသဖြင့် အပေါ်ထပ်သို့ထပ်မံတက်၍ ဘုရားခန်းရှေ့ရှိ သေတ္တာအား ဖွင့်ကာ သေတ္တာအတွင်းရှိ ရွှေနားကပ် ၁ ရံ၊ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေဟန်းချိန်း ၁ ခု၊ ရွှေလက်ကောက် ၆ ကွင်း၊ (စုစုပေါင်း ရွှေထည်ပစ္စည်းမျိုးစုံ ၅ ကျပ်သားခန့်)နှင့် ငွေစက္ကူရောရာ ၈၉ သိန်းကျပ်တို့အား ယူဆောင်သွားကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ၎င်းလုယက်သူ ၃ ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းမှုများလည်း ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများပြောပြချက်အရ သိရသည်။