October 18, 2024

ဓာတ်ပုံ - ဝေါ လူမှုကူညီရေးအဖွဲ့

၄. ၈.၂၀၂၃

Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၊ မိုင်တိုင်အမှတ်(၆၇/၃)နဲ့(၆၇/၄)ကြားမှာ ၂၂ ဘီးတွဲကားယာဥ်တစ်စီးရေမြောင်းထဲ ထိုးကျ တိမ်းမှောက်မှုဖြစ်စဥ်တစ်ခု ဒီနေ့ သြဂုတ် ၄ ရက် မနက် က ဖြစ်ပွားခဲ့ကာ ယာဥ်မောင်းမှာ စိုးရိမ်ဖွယ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဝေါမြို့နယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ပဲခူး ဘုရားကြီးမြို့ဘက်ကနေ ဝေါမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ Nissan အမျိုးအစား(အဖြူရောင်)(၂၂)ဘီး ယာဉ်ဟာ မိုင်တိုင်အမှတ်(၆၇/၃)နဲ့ (၆၇/၄)ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်ခြမ်းမှာရှိတဲ့ ဖုန်းတိုင်ကို တိုက်မိပြီးနောက် ကျိုက်လှ ကျေးရွာအဝင်ကျေးလက်တံတားအား ထပ်မံတိုက်မိခဲ့ကြောင်း၊ အဲဒီ့နောက်မှာတော့ တံတား အောက်မှာရှိတဲ့ ရေမြောင်းထဲကို ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ခေါင်းခန်းအတွင်း ယာဉ်မောင်းမှာညပ်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကို တာဝန်သိပြည်သူတွေက အကြောင်းကြားပေးခဲ့တဲ့အတွက် ဝေါမြို့နယ်မီးသတ်စခန်းက ဦးဆောင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဝေါမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ခေါင်းခန်းအတွင်း ညပ်နေသူ အသက် ၄၀ ဝန်းကျင် ယာဉ်မောင်း ကျား(၁)ဦး(စိုးရိမ်ရ)အား ဝေါမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *