October 18, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းတစ်ခုကို တွေ့ရစဉ်

၄. ၈. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ ဆီစားသုံးမှု ဖူလုံစေရန် ဆီထုတ်လုပ်မှု အမြင့်ဆုံးရနိုင်သည့် နေကြာသီးနှံကို ဧက လေးသန်းအထိ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်သွားမည့်အပြင် တောင်သူများ မျိုးစေ့နှင့် သွင်းအားစုများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၃ ရက်တွင် ပြုလုပ်သည့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုပစ္စည်းဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ပြည်တွင်းဆီ စားသုံးမှုဖူလုံစေရန် တစ်ဧက၏ ဆီထုတ်လုပ်မှု အမြင့်ဆုံးရနိုင်သည့် နေကြာသီးနှံကို ၁ ဒသမ ၅ သန်း စိုက်ပျိုးနိုင်ရေး အားပေးဆောင်ရွက်နေသည့်အပြင် အခြေအနေပေးသည့် ဒေသများတွင် နေကြာသီးနှံကို စိုက်ပျိုးရာသီအလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကာ နေကြာသီးနှံ ဧက လေးသန်းအထိ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

နေကြာစိုက်ပျိုးသူ တောင်သူများမျိုးစေ့နှင့် သွင်းအားစုများ အသုံးပြုနိုင်ရေးအတွက် စီမံ ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲနှင့် နှမ်း တိုးချဲ့စိုက်ပျိုးခြင်းအတွက် အလားအလာကောင်းသည့် ဒေသအလိုက် ဧရိယာများ ရွေးချယ်သတ်မှတ်ပြီး သွင်းအားစုများ အသုံးပြုနိုင်ရေးအတွက်လည်း ကူညီထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အထွက်နှုန်းကောင်းမွန်သည့် မျိုးများပြောင်းလဲ အသုံးပြုနိုင်ရေး၊ နည်းပညာလိုအပ်ချက်များ ဖြည့် ဆည်းပေးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအတွက် ဌာနများအကြား ပူးပေါင်းကာ သီးထပ် စွမ်းအား တိုးတက်ရေးကြိုးပမ်းလျက်ရှိကြောင်း ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းနှင့် ဆီစက်များ အဆင့်မြှင့်တင်ခြင်းများကို အားပေးဆောင်ရွက်နေခြင်းကြောင့် လာမည့် ၂၀၂၅ ခုနှစ်မှစ၍ စားသုံးဆီဖူလုံမှုရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၂၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)၌ ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *