October 18, 2024

၄. ၈. ၂၀၂၃
Written by Nyein Kyaw

ငွေရှင်းပြေစာ(Voucher)များတွင် ကျသင့်အခွန်တံဆိပ် ကပ်နှိပ်ခြင်းမရှိသည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်း၊ ရုပ်သံမီဒီယာ၊ ရွှေဆိုင်၊ ဖုန်းဆိုင်များကို တိုင်ကြားနိုင်ပြီး တိုင်ကြားသူအား ဒဏ်ကြေးပမာဏ ၃၀ ရာခိုင်နှုန်းကို ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀၊ စည်းမျဉ်း ခွဲ (က)၊ စည်းမျဉ်းခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေ/ဝန်ဆောင်မှုရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူပြည်သူများထံမှ တစ်ပါတည်း ကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ထိုကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ ပေးသွင်းရန်တာဝန်ရှိကြောင်း သိရသည်။

အခွန်တံဆိပ်မဖြစ်မနေ ကပ်နှိပ်ရမည့် လုပ်ငန်းများတွင် စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများ၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းများ၊ လက်ကိုင်ဖုန်း (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းများ ပါဝင်သည်။

ဖော်ပြပါ လုပ်ငန်းများသည် ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများတွင် သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့အတွက် သတင်းပေးတင်ပြသူက စာရွက်စာတမ်းအထောက်အထားဖြင့်စေ၊ အသံဖိုင်အထောက်အထားဖြင့်ဖြစ်စေ တင်ပြလာခြင်းဖြစ်ပါက သတင်းပေးသူအား တပ်ရိုက်သည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းလည်းကောင်း၊ လက်ကိုင်ဖုန်း (Handset) များပေါ်တွင် သတ်မှတ်ချက်များနှင့်အညီ အခွန်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက် သတင်းပေးတင်ပြသူအား ၂၀ ရာခိုင်နှုန်းကိုလည်းကောင်း ဆုကြေးငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စားသုံးသူများအနေဖြင့် အထက်ပါလုပ်ငန်းရှင်များထံသို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ် ကပ်ထားသော ပြေစာကို တောင်းယူခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းရှင်များကလည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော ပြေစာများကို မဖြစ်မနေ ထုတ်ပေးခြင်းဖြင့် လည်းကောင်း ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ကြရန် အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *