October 18, 2024

ဩဂုတ်လ ၄ ရက်၌ ကျင်းပမည့် ဝန်ကြီးချုပ်သစ်အတွက် ပူးတွဲမဲပေးရွေးချယ်ပွဲ ရွှေ့ဆိုင်းခဲ့မှုကြောင့် မခံချိမခံသာဖြစ်နေရသည့် ဖျူထိုင်းပါတီခေါင်းဆောင်နှစ်ဦး

၄. ၈. ၂၀၂၃

Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက် ရွေးကောက်ပွဲပြီးသည်မှစ၍ မတည်မငြိမ်ဖြစ်နေရသော နိုင်ငံရေးအခြေအနေကို အဆုံးသတ်၍ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ရန် ဖျူထိုင်းပါတီ၏ ကြိုးပမ်းမှုမှာ ဩဂုတ်လ ၃ ရက်တွင် Move Forward Party (MFP) တင်ပြလွှာကို လက်ခံစဉ်းစားရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့မှုကြောင့် နှောင့်နှေးခဲ့ရပြန်ကြောင်းသိရသည်။

ဖျူထိုင်းပါတီက Lese Majesty Law ကို ပြင်ဆင်ရန် ဦးစားပေးလက်ကိုင်ထားသော MFP ပါတီပါဝင်သည့် ရှစ်ပါတီမဟာမိတ်အဖွဲ့မှထွက်၍ သီးခြားအုပ်စုတစ်ခုတည်ထောင်ကြောင်းကြေညာကာ ပါလီမန်တွင် ဩဂုတ်လ ၄ ရက်၌ ကျင်းပမည့် ဝန်ကြီးချုပ်သစ်အတွက် ပူးတွဲမဲပေးရွေးချယ်ပွဲသို့ ဖျူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းအမည်ကိုပါ ဩဂုတ်လ ၃ ရက်၌ ကြေညာခဲ့ပြီးဖြစ်သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက MFP ပါတီ၏ တင်ပြလွှာကို လက်ခံစဉ်းစားရန် ဆုံးဖြတ်ခဲ့အပြီးတွင် ပါလီမန်ဥက္ကဋ္ဌ ဝန် မူဟာမက် နော် မာသာ က ဩဂုတ်လ ၄ ရက်၌ ကျင်းပမည့် ဝန်ကြီးချုပ်သစ်အတွက် ပူးတွဲမဲပေးရွေးချယ်ပွဲ ကို ရွှေ့ဆိုင်းကြောင်းကြေညာခဲ့သည်။ ဇူလိုင်လ ၁၉ ရက်တွင် MFP ပါတီ ခေါင်းဆောင်ပီတာကို ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်ရန် ဒုတိယအကြိမ်အဆိုပြုမှုအား ပါလီမန်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ပယ်ချခဲ့ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိ စဉ်းစားပေးရန် MFP က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ထိုဆုံးဖြတ်ချက်ကြောင့် ဩဂုတ်လ ၄ ရက်၌ ကျင်းပမည့် ဝန်ကြီးချုပ်သစ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဖျူထိုင်းပါတီက ၎င်းဦးဆောင်သော ညွန့်ပေါင်း အဖွဲ့အသစ်နှင့်ပတ်သက်၍ အသေးစိတ် ပြောကြားရန် စီစဉ်ထားမှုကိုလည်း ရုပ်သိမ်းခဲ့သည်။

ဩဂုတ်လ ၁၀ ရက်တွင် ကိုယ်ပိုင်လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဟု ကြေညာထားသော ဝန်ကြီးချုပ်ဟောင်းသက်ဆင် အနေဖြင့်လည်း မူလအစီအစဉ်ကို ဖျက်သိမ်းကာ ဖျူထိုင်းပါတီက အာဏာရမှသာ ပြန်လာလိမ့်မည်ဟု ဖျုထိုင်းပါတီက ပြောခဲ့သည်။

ဖျူထိုင်းပါတီအနေဖြင့် ဩဂုတ်လ ၄ ရက်တွင် ဝန်ကြီးချုပ်သစ်နေရာအတွက် အရွေးခံအနိုင်ယူပြီးနောက် အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားကြချိန်တွင် ဤကဲ့သို့ဖြစ်ရခြင်းအပေါ် နိုင်ငံရေးအကဲဖြတ်များက သံသယစိတ်များဖြစ်ခဲ့ကြပြီး ၎င်းကဖျူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗီဆင် အစား အခြားပါတီတစ်ခုမှ ဝန်ကြီးချုပ်လောင်းအဆိုပြုစေမည့် အခြားနည်းလမ်းကွဲတစ်ခုသို့ ဦး‌တည်စေမည်လောဟုလည်း ယူဆလာကြသည်။

ရန်ဆစ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကထိက တစ်ဦးဖြစ်သည့် ဝန်ဝီချစ် က ယခုကဲ့သို့ ဝန်ကြီးချုပ်လောင်း ပူးတွဲမဲပေးရွေးချယ်ပွဲနှောင့်နှေးရခြင်း က ဖျူထိုင်းပါတီနှင့် ဝန်ကြီးချုပ်လောင်း ဆရက်သာ တို့အား အဆိုးဘက်မှ ထိခိုက်မှုများဖြစ်စေနိုင်သည်ဟု ပြောခဲ့သည်။ ဆရက်သာ ကို မနှစ်သက် မလိုလားသည့် ဝေဖန်ရေးသမားများက အထက်လွှတ်တော်အမတ်များအား ပူးတွဲမဲပေးရွေးချယ်ပွဲ၌ ကန့်ကွက်မဲပေးကြရန် တောင်းဆိုမှုများပြုလာနိုင်သည်ဟု မျှော်လင့်ရပြီး ၎င်းကြောင့်လည်း ဖျူထိုင်းပါတီအဖို့ United Thai Nation Party(UTN) နှင့် Palang Pracharath ပါတီတို့၏ အကူအညီကို တောင်းဆိုလာနိုင်သည် ဟုလည်း ၎င်းကပြောခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ သတင်းအရင်းအမြစ်တစ်ခုကမူ ခုံရုံးအနေဖြင့် ဤတင်ပြချက်အပေါ် စဉ်းစားရာတွင်တိုင်ကြားတင်ပြချက်များတွင် လိုအပ်သည့် အရေးကြီးအချက်အလက်များ မပြည့်စုံမှုကြောင့် ၎င်း၏ဆုံးဖြတ်ချက်နှောင့်နှေးခဲ့ရခြင်းဟု ပြောခဲ့သည်။

အစိုးရသစ်ကို ဦးစီး၍ ဖွဲ့နိုင်ရန် မျှော်လင့်ထားပြီး၊ လိုအပ်သည့်ထောက်ခံမဲများပါ ရနိုင်ရန်ဆောင်ရွက်ထားသည့် ဖျူထိုင်းအဖို့လည်း ဤနှောင့်နှေးမှုက မည်သို့ဆိုစေ ထိခိုက်ခံစားရမှုများကို ဖြစ်စေခဲ့မည်က အမှန်ဖြစ်သည်။ ၎င်းအနေနှင့် MFP ကဲ့သို့ ရွေးကောက်ပွဲနိုင်သော်လည်း အတိုက်အခံဖြစ်ရသည့်ဘဝသို့ မရောက်ရလေအောင် ဖျူထိုင်းခေါင်းဆောင်များက မရေမရာနိုင်ငံရေးအခြေအနေအတွင်း ပါတီကို မည်သို့ ဦးဆောင်နိုင်မည်နည်း စောင့်ကြည့်ရပေမည်။

Ref—– Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *