October 18, 2024

◾️လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးမှသာ မုဒိမ်းကျင့် တရားခံ PDF ၈ ဦးကို အရေးယူမည်ဖြစ်ကြောင်းနှင့် တောင်းပန်ကြောင်း ဆောပကဖ ထုတ်ပြန်

၄. ၈. ၂၀၂၃
Written by Nay Moe

NUG ဩဇာခံ ဆောမြို့နယ် PDF များက အမျိုးသမီးတစ်ဦးကို ခိုးမှုကျုးလွန်သည်စွပ်စွဲကာ အချုပ်ခန်းတွင် ဖမ်းဆီးပြီးနောက် PDF ၈ ဦးက အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်မှာ ဖြစ်ပွားပြီး လေးလအကြာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှသာ PDF မုဒိမ်းတရားခံများကို အရေးယူမည်ဖြစ်ကြောင်းနှင့် တောင်းပန်ကြောင်းစာကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဆောပကဖ) က ထုတ်ပြန်ပေးခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယောအလင်းတန်း Fb Page တွင် ဩဂုတ် ၃ ရက်က “ရန်ကုန်မှ ဆောမြို့နယ်အတွင်းသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေသော အသက် ၂၂ အရွယ် အမျိုးသမီးငယ်သည် ခိုးမှုကျူးလွန်သည်ဟုဆိုကာ ဆောတိုက်နယ် ပအဖမှ ယခုနှစ် ဧပြီလအတွင်း ဖမ်းဆီးကာ အချုပ်ချထားစဉ်အတွင်း အချုပ်ခန်းကိုစောင့်ရသူ ပလဖမှ PDF ၈ ဦးသည် ယင်းအမျိုးသမီးအား ခြိမ်းခြောက်ကာ အကြိမ်ကြိမ် မုဒိန်းမှုကျူးလွန်ခဲ့သည်။ ထိုဖြစ်စဉ်အား ဆောတိုက်နယ် အုပ်ချုပ်ရေးမှုးမှသိရှိပြီးနောက် ယင်းဖြစ်စဉ်တွင်ပါဝင်သူ မုဒိမ်း PDF များကို ဒဏ်ငွေ ၆ သိန်းရိုက်ကာ အမှုကိုပိတ်သိမ်းပြီး အချုပ်ကျခံနေရသူအမျိုးသမီးအား အချုပ်သားဘဝမှ PDF ရဲဘော်အဖြစ်သို့ ပြောင်းပေးကာ ကျေအေးစေခဲ့ကြောင်း ယင်းဖြစ်စဉ်အား ဆောတိုက်နယ်အုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ မြို့နယ်ပအဖ၊ ပလဖသို့ တင်ပြခြင်းမရှိဘဲ သတင်းအားဖုံးဖိထားခဲ့ပြီး နစ်နာသူအမျိုးသမီးအား ပိုက်ဆံ ၆ သိန်းဖြင့် အမှုပိတ်သိမ်းခဲ့ခြင်းဖြစ်ကာ မုဒိန်းမှုကျူးလွန်သော ပလဖ ၈ ဦးအား ထိုက်သင့်သောအရေးယူမှုမရှိခဲ့ကြောင်း၊ ပြစ်မှုကျုးလွန်သူ PDF မုဒိမ်းသမား ၈ ဦးသည် ယခင် ပလဖတာဝန်မထမ်းဆောင်ခင်က မုဒိန်းမှု၊ ခိုးမှုစသည့် ပြစ်မှုများဖြင့် ဖမ်းဆီးအချုပ်ချခံထားရသူများဖြစ်ပြီး ဆောတိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံမှ ပလဖအဖြစ်သို့ အသွင်ပြောင်းပေးထားသူများဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် ယခုကဲ့သို့ ခွေးစိတ်မွေးကာ မုဒိန်းမှုကျူးလွန်သူ ပလဖ PDF ၈ ဦးနှင့် ယခုအမှုအား အထက်သို့တင်ပြရန်ပျက်ကွက်ပြီး အမှုအားဖုံးဖိထားခဲ့သော ဆောတိုက်နယ် အုပ်ချုပ်ရေးမှုးအား ထိရောက်သောအရေးယူမှုများအား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ” စသလို ထုတ်ဖော်ရေးသားခဲ့သည်။

ထိုဖြစ်စဉ်ကို MT News က သိရှိပြီးနောက် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဩဂုတ် ၃ ရက်က ဆက်သွယ်မေးမြန်းရာ ဖုန်းနံပါတ်တစ်ခုပေးခဲ့ပြီး ထိုဖုန်းကို ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မရခဲ့ဘဲ ယနေ့ ဩဂုတ် ၄ ရက်မှသာ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်ထုတ်ကာ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ထို ဆော PDF များ၏ မုဒိမ်းမှုဖြစ်စဉ်အပေါ် ဆောမြို့နယ် ပကဖအဖွဲ့ ထုတ်ပြန်ရာတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလနောက်ဆုံးပတ်ဝန်းကျင်တွင် ဆောမြိုနယ်အတွင်းရှိ ပလဖအချုပ်စခန်းများအနက် အချုပ်စခန်းတစ်ခု၌ ခိုးမှုဖြင့်အချုပ်ကျနေသော အမျိုးသမီးတစ်ဦးအား ၎င်းအချုပ်စခန်းရှိ အချုပ်ခန်းစောင့် အစမ်းခန့် ပလဖရဲဘော် ၈ ဦးမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြသောအမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါအမှုအား တိုက်နယ် အုပ်ချုပ်ရေးတာဝန်ခံမှ ဒဏ်ကြေးငွေများဖြင့် ကျေအေးစေကာ ကျူးလွန်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ ထားရှိခဲ့ကြောင်းကို ပြည်သူများ၏သတင်းပေးမှုကြောင့် မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည်စိစစ်ဖော်ထုတ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၌ ပြစ်မှုကျူးလွန်သူ PDF ၇ ဦးအား ဦးစွာဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးမေးမြန်းရာတွင် နောက်ဆက်တွဲတွေ့ရှိချက်များအရ နောက်ထပ်ကျန်ရှိနေသူ PDF ၁ ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မုဒိမ်းပြစ်မှုကျူးလွန်သူ ၈ ဦးလုံးအား ဖမ်းဆီးချုပ်နှောင်ထားပြီး အမှုစစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ပလဖရဲဘော်များအဖြစ်မှထုတ်ပယ်ထားပြီး ၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများနှင့် ညီမျှသောအပြစ်ဒဏ်ပေးနိုင်ရေး တရားစွဲဆိုထားပြီးလည်းဖြစ်ကြောင်း၊ မိမိတို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆောမြိုနယ်ပြည်သူ့လုံခြုံရေးအဖွဲ့များအနေနှင့် အဆိုပါဖြစ်စဉ်အားမဖြစ်ပွားအောင် ကြီးကြပ်ဆောင်ရွက်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သော်လည်း နောက်နောင် ထိုသို့ဖြစ်စဉ်မျိုးမဖြစ်ပွားစေရေး အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြစ်ပွားခဲ့သောဖြစ်စဉ်အားလည်း ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်မှကင်းလွတ်စေခြင်းမရှိစေရဘဲ ဥပဒေနှင့်အညီ အပြစ်ပေးနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပူးပေါင်းကာ တစ်စိုက်မတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မိဘ ပြည်သူများအား အသိပေးတင်ပြအပ်ပါသည်ဟု ဖော်ပြခဲ့သည်။

သို့သော် PDF မုဒိမ်းတရားခံ ၈ ဦးကို ဖုံးဖိပေးခဲ့သော ဆောတိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံကိုမူ အရေးယူခဲ့ခြင်း မရှိချေ။

NUG ဩဇာခံ PDF များက လက်နက်အားကိုးကာ ပြည်သူများအား မုဒိမ်းကျင့်သ-တ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ၂၀ ၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကျေးရွာတစ်ခုရှိ ပကဖအဖွဲ့ဝင် ၄ ဦးက အသက်မပြည့်သေးသော ကလေးများနှင့် အမျိုးသမီးများ စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးကာ မုဒိန်းမှုနှင့် သ-တ်ဖြတ်မှုကျူးလွန်ခဲ့ပြီး ၈ လကျော်ကြာသည်အထိ ကျူးလွန်သူ ပကဖအဖွဲ့ဝင်များကို ခေတ္တခေါ်ယူစစ်ဆေးသည်မှအပ မည်သို့မျှ အရေးယူမှု ပြုလုပ်ခြင်းမရှိကြောင်း သိရပြီး အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းဝေဖန်တောင်းဆိုမှသာ NUG က ထို မုဒိမ်းလူသ-တ်သူ ပကဖ ၄ ဦးကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထို ထုတ်ပြန်ချက်တွင်ပင် အသက်မပြည့်သေးသော ကလေးများနှင့် အမျိုးသမီးများ စုစုပေါင်း ၇ ဦးကို ပကဖ များက သ-တ်ဖြတ်သည်ဟုသာ ရေးသားခဲ့ပြီး မုဒိမ်းမှုကိုမူ NUG ကိုယ်တိုင် ဖုံးကွယ်ပေးခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *