October 18, 2024

ဓာတ်ပုံ- ဘိုဘိုဝင်း လူမှုအထောက်အကူပြုအဖွဲ့

  • စာမေးပွဲ ဖြေနေတဲ့ရက်အတွင်းဖြစ်တာမို့ ကျောင်းသား ကျောင်းသူနဲ့ မိဘများ စိတ်မကောင်းဖြစ်နေကြ

၄. ၈. ၂၀၂၃

Written by Hey Mar

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်၊ ပန်းပဲတန်းလမ်းမှာရှိတဲ့ အမှတ် (၉ )အခြေခံပညာ အထက်တန်းကျောင်း၊ ဒီနေ့ သြဂုတ် ၄ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ မော်လမြိုင် မီးသတ်တပ်ဖွဲ့လက်ထောက်ညွှန်ကြားရေးမှူးက MT News ကို ပြောပါတယ်။

ဖြစ်စဥ်မှာ သြဂုတ် လ ၃ ရက်နေ့ သန်းခေါင်အချိန်မှာ မီးစတင်လောင်ကျွမ်းတယ်လို့ ယူဆရပြီး တာဝန် သိပြည်သူတစ်ဦးရဲ့ သတင်းပေးမှုကြောင့် မီးလောင်ကျွမ်းရာနေရာကို မော်လမြိုင်မီးသတ်တပ်ဖွဲ့က မနက် ၁ နာရီ ၉ မိနစ်မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မီးသတ်တပ်ဖွဲ့ ရောက်ရှိချိန် level – 1 အဆင့် မှ မီးညွှန့်များလာကာ level -2 အဆင့် ဖြစ်လာသဖြင့် မီးသတ်ယာဥ်များထပ်မံခေါ်ယူကာ ငြှိမ်းသတ်ခဲ့ရပြီးနောက် မနက် ၁ နာရီ ၃၉ မိနစ်မှာတော့ မီးထိန်းနိုင်ကာ မနက် ၁နာရီ ၄၉ မိနစ်မှာတော့ မီးငြိမ်းတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_11-43-41-621x1024.jpg

မော်လမြိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်ဝင်းက “ မီးသတ်ယာဥ်၊ ရေသယ်ယာဥ် စုစုပေါင်း ၂၅ စီး မီးသတ်တပ်ဖွဲ့ဝင် ၁၇၆ ဦးနဲ့ ကူညီငြှိမ်းသတ်ခဲ့ကြပါတယ်။ လောင်တာက နှစ်ထပ်ဆောင်က စလောင်ပြီး သုံးထပ်ဆောင်ဘက်ကို ကူးတာပါ။ နှစ်ဆောင်လုံးလောင်ကျွမ်းသွားတဲ့ အနေအထားမို့ သည်ကာလကြီးထဲ ဘာကြောင့်လောင်ရသလဲဆိုတာကိုတော့ အဖြေထုတ်ဖို့ ခက်နေပါသေးတယ် ´´ လို့ MT Newsရဲ့ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ် ။

အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းဟာ မွန်ပြည်နယ်ဂုဏ်ဆောင်ကျောင်းတစ်ကျောင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်ကို ခုနစ်နှစ်ဆက်တိုက် စံချိန်တင်ထားတဲ့ကျောင်းဖြစ်တယ်လို့ ဒေသခံ တချို့ထံကနေ သိရပါတယ်။

“စာသင်ဆောင်လောင်တာမှာ အရင် ဦးသာညှင်းကျောင်းအဆောင် မပါတာပဲ ကျေးဇူးတင်ရပါမယ်။ သူက ရာပြည့်ပွဲဆင်နွဲထားတာလေ။ အခုလောင်သွားတာက ကျောင်းအုပ်ကြီးရုံးပါတဲ့ သစ်သားဆောင် ၊ စာသင်ဆောင် ၊ အုတ်ညှပ်ပြီး သစ်သားတွေနဲ့ဆောက်ထားတဲ့ ရေနံချေးဝနေတဲ့ နှစ်ထပ်ဆောင် ကြည့်ရတာ ညအိပ်မောကျချိန်ဆိုတော့ မီးအတော်အရှိန်ရမှ သိကြပုံပါ။အနားမှာ စာသင်တိုက်ကြီးတွေ လဲရှိပါတယ်။ ကလေးတွေလဲ စာမေးပွဲ ဖြေနေကြတာ ၃ ရက်ရှိပါပြီ ´´ လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ် ။

ဆုံးရှုံးမှုတန်ဖိုးကို နှစ်ပေါင်း ၁၀၀ နီးပါးရှိ နှစ်ထပ်ကျောင်းဆောင် လောင်ကျွမ်းမှုအတွက် ကျပ် ၁၀၈ သိန်း ၊ သုံးထပ်ကျောင်းဆောင် ရဲ့ ဆုံးရှုံးမှုတန်ဖိုးက ကျပ် ၁၃၅ သိန်း ၊ စာသင်ခုံတွေ ဆုံးရှုံးလောင်ကျွမ်းမှုက ကျပ်သိန်း ၃၀ ၊ စုစုပေါင်း ကျပ် ၂၇၃ သိန်း ခန့်ရှိတယ်လို့ မော်လမြိုင်မီးသတ်ဌာနချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- ဘိုဘိုဝင်း လူမှုအထောက်အကူပြုအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *