၄. ၈. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် ယောက်ျားလေးအဆိုရှင်အဖွဲ့ BigBang ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ G-Dragon နဲ့ နာမည်ကျော် ဘောလုံးအသင်း PSG တို့ဟာ ဝတ်စုံ ပူးပေါင်းထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က PSG အသင်းဟာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ Jeonbuk Hyundai အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာ ကစားပွဲမစတင်မီ G-Dragon ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် PeaceMinusOne က ထုတ်လုပ်ထားတဲ့ PSG အသင်းအတွက် ဝတ်စုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဂီတပိုင်းမှာရော ဖက်ရှင်ပိုင်းမှာပါ အောင်မြင်မှုများစွာ ရရှိထားတဲ့ G-Dragon ရဲ့ PSG အသင်းအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ဂျာစီပေါ်ကဒီဇိုင်းအသစ်တွေမှာ G-Dragon ရဲ့အမှတ်တံဆိပ် PeaceMinusOne ရဲ့ အထင်ကရအသွင်အပြင်တွေကို ပေါင်းစပ်ထားပြီး ဂီတနဲ့ အားကစားယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြသထားတာပါ။
ဂျာစီရဲ့ နောက်က ကစားသမားတွေရဲ့နာမည်ကိုလည်း PeaceMinusOne လိုဂိုရဲ့ အစဉ်အလာအတိုင်း အစင်းကြောင်းနဲ့ ဖြတ်ထားပြီး ဂျာစီနံပါတ်မှာလည်း G-Dragon ရဲ့ထုတ်ကုန်အမှတ်တံဆိပ် ဒေစီ လိုဂိုလေးတွေနဲ့ အလှဆင်ထားပါသေးတယ်။
ခုလို ဝတ်စုံ ပူးပေါင်းထုတ်လုပ်တာဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုက ထိပ်တန်းဘောလုံးအသင်း တစ်သင်းအတွက် ကိုရီးယား အိုင်ဒေါတစ်ဦးက ဒီဇိုင်းထုတ်ပေးတဲ့ ပထမဆုံး စံနမူနာပုံစံဖြစ်ပါတယ်။
ဒါ့အပြင် နယ်ပယ်အသီးသီးက ကြယ်ပွင့်နှစ်ဦးဖြစ်ကြတဲ့ G-Dragon နဲ့ နေမာ တို့ဟာ ပွဲအပြီး ကွင်းထဲမှာ တွေ့ဆုံပြီး အပြန်အလှန် နှုတ်ဆက်ခဲ့ကြပါတယ်။
Ref; Allkpop