October 19, 2024

ဓာတ်ပုံ - ပုလဲ အရန်မီးသတ်တပ်ဖွဲ့

၄. ၈. ၂၀၂၃
Written by Hey Mar

သြဂုတ် ၂ ရက်၊ မနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ပျဥ်းမပင် မှတ်တိုင်အနီးယာဥ်မတော်တဆမှုမှာ ခဲရာခဲဆစ်ကားအောက်ကနေ ကယ်ထုတ်ခဲ့ရတဲ့ မူလတန်းကျောင်းသူလေးမှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ဒီမနက် သြဂုတ် ၄ ရက်နေ့မှာ ထပ်မံကွယ်လွန်ခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ပဲခူး- ရန်ကုန် ပြေးဆွဲတဲ့မီနီဘတ်စ်က ပြည်လမ်းအတိုင်းပဲခူးဘက်ကို မောင်းနှင်လာစဥ် လမ်းကြောရဲ့ အောက်ဖက်ကနေမောင်းနှင်နေတဲ့ ပရိုဘောက်စ်ယာဥ်ကို ချိတ်မိမလို ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ကားကိုညာဘက်ဆွဲကပ်လိုက်စဥ်ပျဥ်းမပင်နို့ချက်စက်ရုံလမ်းထဲကနေ ထွက်လာတဲ့ကလေး ကျောင်းပို့မယ့်ဆိုင်ကယ်ကို တိုက်မိပြီး ဆိုင်ကယ်ကကားနဲ့အတူ ချိတ်ပါသွားခဲ့ကာ အုတ်တံတိုင်းနဲ့ ကား ကြားညှပ်ခဲ့ရာက ဆိုင်ကယ်မောင်းနှင်သူနဲ့ အလယ်တန်းကျောင်းသူလေးက နေရာတင်သေဆုံးခဲ့တာပါ။

ပုလဲ အရန်မီးသတ်တပ်ဖွဲ့က ကားအောက်မှာ ညပ်နေတဲ့ မူလတန်းကျောင်းသူလေးကို ခက်ခက်ခဲခဲ ကယ်ထုတ်ပြီး အသင်းအဖွဲ့တွေက ဆေးရုံ အရောက်ပို့ခဲ့ပေမယ့် ကလေးက ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ခြေလက်အရိုးကျိုးကြေ ဒဏ်ရာ၊ ကိုယ်တွင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားတာကြောင့် ဒီနေ့ မနက် ၅ နာရီ ၃၀မိနစ်မှာ ဆေးကုသမှု ခံယူနေတဲ့ မြောက်ဥက္ကလာ မေဓါဝီဆေးရုံကြီးမှာပဲ ကွယ်လွန်တယ်လို့ သိရပါတယ် ။

ပဲခူးကားပေါ် ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက် အမျိုးသားလေးဦး၊ အမျိုးသမီးခြောက်ဦး ပေါက်ပြဲ ကျိုးပဲ့ သွေးထွက်ဒဏ်ရာတွေရရှိခဲ့ပြီး တချို့မှာ ဖြစ်စဥ်ဖြစ်တဲ့ သြဂုတ်လ ၂ ရက်နေ့ကတည်းက ဆေးရုံကနေ နေအိမ်ပြန်ရပြီဖြစ်ပေမဲ့ တချို့ လဲ ဆက်လက်ကုသမှု ခံယူနေရဆဲလို့ သိရပါတယ်။

ဓာတ်ပုံ – ပုလဲ အရန်မီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *