October 19, 2024

အကန့်အသတ်ဖြင့် လဲလှယ်ပေးသည့်အပြင် ရောင်းဝယ်သူများကိုပါ ဖမ်းဆီးနေဟု ငွေလဲသူများ ပြော

၃. ၈. ၂၀၂၃
Written by Ye Kyaw

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်များ ထုတ်ဝေထားသော်လည်း အကန့်အသတ်ဖြင့် အထိမ်းအမှတ်ထုတ်ဝေသည့် ငွေစက္ကူဖြစ်သောကြောင့် ပြည်သူများလက်ဝယ် ကိုင်ဆောင်နိုင်မှုမရှိသောကြောင့် ပြင်ပငွေလဲစျေးကွက်တွင် တစ်ရွက်လျှင် ကျပ် ၄၀,၀၀၀ အထိ ပေါက်ဈေးဖြစ်နေသော်လည်း အကန့်အသတ်ဖြင့်ထုတ်ထားခြင်းနှင့် လဲလှယ်ရာတွင်လည်း အကန့်အသတ်ဖြင့်လဲလှယ်ပေးခြင်းအပြင် အရောင်းအဝယ်လုပ်သူများကို ဖမ်းဆီးနေခြင်းတို့ကြောင့် စုဆောင်းလိုသူများ အမှန်တကယ် သွားရောက်ဝယ်ယူရာတွင် ဝယ်ယူ၍မရကြောင်း MT News သတင်းဌာနမှ စုံစမ်းသိရှိရသည်။

“အစ်မတို့ ပိုက်ဆံအဟောင်း ရာခိုင်နှုန်းနဲ့ လဲပေးနေတဲ့သူတွေမှာတောင် မရှိဘူး။ အဟောင်း ၁၀ သိန်းဖိုးလဲမှ နှစ်သောင်းတန်က တစ်ရွက်ပဲထည့်ပေးတာ။ အစ်မတို့ အသိရဲတွေကလည်း ဖုန်းဆက်ထားတယ်။ ဘာလဲဆိုတော့ ပြည်သူတွေကသာ ရဖို့ခက်တာ ပွဲစားတွေလက်ထဲအများကြီးပဲ သတင်းတွေထွက်လာရင် ဖမ်းမှာဆိုပြီးတော့ပေါ့”ဟု ဗိုလ်ဆွန်ပက်လမ်းရှိ ဗဟိုဘဏ်အနီးတွင် ရာခိုင်နှုန်းဖြင့် ငွေစက္ကူဟောင်းနှင့် အသစ်လဲလှယ်ပေးသည့် လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ အသစ် တစ်ရွက်ကို ဝယ်ယူလိုပါက ကျပ် ၄၀,၀၀၀ အထိ ပေါက်စျေးဖြစ်နေပြီး ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ အသစ်တစ်ရွက်ရရဟု အမှတ်တရကိုင်ဆောင်လိုသူများ အမှန်တကယ်သွားရောက်ဝယ်ယူရာတွင်မူ အကန့်အသတ်ဖြင့် ထုတ်ခြင်းကြောင့် ရောင်းချသူများထံတွင်ပင် မရှိသည့်အတွက် ဝယ်ယူ၍မရဖြစ်နေသည်။

“အခုက နှစ်သောင်းတန်က နှစ်သောင်းအလိုက်ပေးရင်တော့ရတယ်။ ဒါပေမဲ့ လက်ထဲမရှိတာခက်တယ်။ ကြိုက်ဈေးရရင်တော့ ရောင်းတယ်။ အများကြီးမရတာခက်တာ။ အဲဒီတော့ လက်ထဲမှာမရှိဖြစ်နေတာ” ဟု ဗိုလ်ဆွန်ပက်လမ်းတွင် Hijet ကားဖြင့် ငွေစက္ကူအဟောင်းများ လဲလှယ်ပေးနေသူတစ်ဦးက ပြောသည်။

ထို့ပြင် ငွေစက္ကူအဟောင်းဖြင့် လဲလှယ်ရာတွင်လည်း လျှောက်လွှာများတွင် ဖောင်ဖြည့်ရပြီး ဟောင်းနွမ်းငွေစက္ကူ ကျပ် ၁၀ သိန်း အနည်းဆုံးလဲမှသာ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူအသစ် (၁) ရွက် ထည့်သွင်းထုတ်ပေးခြင်းဖြစ်သည့်အပြင် မှတ်ပုံတင်နံပါတ်များနှင့် ထုတ်ပေးသည့် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူအသစ်၏ နံပါတ်များကိုပါ စာရင်းသွင်းမှတ်ထားခြင်းကြောင့် တစ်စုံတစ်ခု ပြဿနာဖြစ်ပေါ်ပါက ထုတ်ထားသူများသာ ရှင်းလင်းရမည်ဖြစ်ကြောင်း သိရသည်။

“အစ်ကိုတို့ဆို ဒီနားမှာပဲနေတာ။ သွားလဲရင် မှတ်ပုံတင်နံပါတ်နဲ့ ဖောင်ဖြည့်ရတယ်။ ထုတ်ပေးလိုက်တဲ့ နှစ်သောင်းတန် နံပါတ်နဲ့ တွဲပြီး သူတို့က မှတ်ထားတာ။ လိုင်းပေါ်တင်တဲ့သူတွေလည်းရှိတော့ ပိုက်ဆံကနံပါတ်နဲ့ လိုက်ရင် အစ်ကိုတို့က ခံရမှာ” ဟု ၎င်းက ပြောသည်။

လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုလျှင် ဟောင်းနွမ်းငွေစက္ကူရွက်ရေ (၅၀၀) အထိ လဲလှယ်နိုင်ပြီး ကျော်လွန်ပါက လျှောက်လွှာဖြင့် တင်ပြလျှောက်ထားလဲလှယ်ရသည်။ ထိုသို့ လဲလှယ်ရာတွင်လည်း ဟောင်းနွမ်းငွေစက္ကူအဟောင်း ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၃၀ အထိ လဲလှယ်မှ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ တစ်ရွက်သာ ထည့်ပေးခြင်းဖြစ်သည်။

ဟောင်းနွမ်းငွေစက္ကူ ကျပ်သိန်း ၃၀ အထက်မှ ကျပ်သိန်း ၆၀ အထိကို ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ နှစ်ရွက် ထည့်ပေးခြင်းနှင့် ဟောင်းနွမ်းငွေစက္ကူ ကျပ်သိန်း ၆၀ အထက်မှ ကျပ်သိန်း ၁၀၀ အထိ လဲလှယ်မှသာ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ သုံးရွက် ထည့်ပေးခြင်းဖြစ်သည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေခဲ့ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှု အကြောင်းပြုပြီး ကုန်ဈေးနှုန်းဆွဲတင်ခြင်း၊ ဒေါ်လာဈေးတက်ရန် ကြိုးစားခြင်းသည် အများပြည်သူအကျိုးစီးပွားပျက်စီးရန် ကြိုးစားသူများဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးကြေညာထားသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေသည့်အပြင် လဲလှယ်သည့် ငွေစက္ကူအဟောင်းများကိုလည်း ဖျက်စီးမည်ဖြစ်သဖြင့် ၂၀,၀၀၀ တန်ငွေစက္ကူများ အလုံးအရင်းနှင့် ဝင်လာရန်မရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၄ ရက်တွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *