October 18, 2024

MT News

Written by Nyein Kyaw

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပပြီးဖြစ်၍ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ ဩဂုတ် ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့တွင် အသိပေးကြေညာထားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံကော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာကျင်းပခဲ့သည်။

This image has an empty alt attribute; its file name is 365259827_153818661068950_6894237086206552807_n.jpg

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်နှင့် ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋီတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါအဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာ နာယူကြည်ညိုနိုင်ရေး စကျင်ကျောက်ချက်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီ ၇၂၀ ကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။

This image has an empty alt attribute; its file name is 365097469_153818714402278_6544895191059569023_n.jpg

ယခုအခါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် မဏ္ဍပ်တော်များနှင့် အသုံးအဆောင်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်မှစ၍ ဩဂုတ်လ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဩဂုတ် ၁၇ ရက်မှစတင်ကာ သင့်တော်သည့်ဝင်ကြေးကောက်ခံမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *