October 18, 2024

၃. ၈. ၂၀၂၃
Written by Tha Doe

၂၀၀၆ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ နိုင်ငံတော်ကောင်စီ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူများနှင့် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူများအား ၂၀၂၃ ခုနှစ် ဧပြီလမှစတင်ကာ နိုင်ငံရေးပင်စင်ပြောင်းလဲလိုက်ပြီး အမြင့်ဆုံး ကျပ် ၂၆၂၅၀၀၀ ခံစားခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ ခံစားခွင့်ပြုမှူကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဥ် (၃/၂၀၂၃) တွင် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုသို့ နိုင်ငံတော်ကောင်စီ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူများနှင့် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူများအား နိုင်ငံရေးပင်စင်ခံစားခွင့်ပြုရာတွင် ကိုယ်တိုင်အတွက် ကျပ် ၁၅ သိန်းနှင့် မိသားစုအတွက် ကျပ် ၁၁၂၅၀၀၀ ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့အတူ နိုင်ငံတော်ကောင်စီ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူများနှင့် ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့သူများအား ကိုယ်တိုင်အတွက် ကျပ် ၁၂ သိန်းနှင့် မိသားစုအတွက် ၉ သိန်း၊ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူများအတွက် ကျပ် ၇၁၂၅၀၀ နှင့် မိသားစုအတွက် ကျပ် ၅၃၄၃၇၅၊ အဖွဲ့ဝင်များအတွက်မူ ကိုယ်တိုင်အတွက် ကျပ် ၆၇၅၀၀၀ နှင့် မိသားစုအတွက် ကျပ် ၅၀၆၂၅၀ ခံစားခွင့်ပြုခဲ့သည်။

ထို့အတူ ၂၀၀၆ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ်များအား ကိုယ်တိုင်အတွက် ကျပ် ၁၀ သိန်း၊ မိသားစုအတွက် ကျပ် ၇ သိန်းခွဲ၊ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင်အတွက် ကျပ် ၆ သိန်းနှင့် မိသားစုအား ကျပ် ၄ သိန်းခွဲ၊ ဝန်ကြီးများအား ကျပ် ၄ သိန်းခွဲနှင့် မိသားစုအတွက် ကျပ် ၃၃၇၅၀၀၊ ဒုတိယဝန်ကြီးများအား ကျပ် ၃၃၇၅၀၀ နှင့် မိသားစုအတွက် ၂၅၃၁၂၅ ကျပ် ခံစားခွင့်ပြုခဲ့သည်။

အလားတူ ပြည်နယ်နှင့်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများအတွက် ကျပ် ၄၅၀၀၀၀ စီနှင့် မိသားစုအတွက် ကျပ် ၃၃၇၅၀၀၊ တရားရုံးချုပ်၏ တရားသူကြီးချုပ်အတွက် ကျပ် ၆ သိန်းနှင့် မိသားစုအတွက် ကျပ် ၄ သိန်းခွဲ၊ ဒုတိယတရားသူကြီးချုပ်နှင့် တရားသူကြီးအဖွဲ့ဝင်များအတွက် ကျပ် ၃၃၇၅၀၀နှင့် မိသားစုအတွက် ၂၅၃၁၂၅ ကျပ်၊ ရှေ့နေချုပ်အတွက် ကျပ် ၆ သိန်းနှင့် မိသားစုအတွက် ကျပ် ၄ သိန်းခွဲ၊ ဒုတိယရှေ့နေချုပ်အတွက် ကျပ် ၃၃၇၅၀၀နှင့် မိသားစုအတွက် ကျပ် ၂၅၃၁၂၅ ကျပ်၊ စာရင်းစစ်ချုပ်အတွက် ကျပ် ၆ သိန်းနှင့် မိသားစုအတွက် ကျပ် ၄ သိန်းခွဲ၊ ဒုတိယစာရင်းစစ်ချုပ်အတွက် ကျပ် ၃၃၇၅၀၀ နှင့် မိသားစုအတွက် ၂၅၃၁၂၅ ကျပ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌအတွက် ကျပ် ၄၅၀၀၀၀ နှင့် မိသားစုအတွက် ကျပ် ၃၃၇၅၀၀၊ အဖွဲ့ဝင်များအတွက် ကိုယ်တိုင် ကျပ် ၃၃၇၅၀၀ နှင့် မိသားစုအတွက် ၂၅၃၁၂၅ ကျပ်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)အတွက် ကျပ် ၄၅၀၀၀၀ နှင့် မိသားစုအတွက် ကျပ် ၃၃၇၅၀၀၊ ဒုတိယဥက္ကဋ္ဌ( ဒုတိယမြို့တော်ဝန်)အတွက် ကျပ် ၃၃၇၅၀၀ နှင့် မိသားစုအတွက် ၂၅၃၁၂၅ ကျပ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) အတွက် ကျပ် ၃၃၇၅၀၀ နှင့် မိသားစုအတွက် ၂၅၃၁၂၅ ကျပ် ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ လစဥ်ပင်စင်များအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ ထိုပင်စင်အပြင် နိုင်ငံရေးပင်စင်ခံစားခွင့်ရှိနေပါက ကြိုက်နှစ်သက်ရာပင်စင်တစ်ခုခုသာ ရွေးချယ်ခံစားခွင့်ရှိခြင်း စသည့်အချက်များ သတ်မှတ်ထားသလို ထို လစဥ်ပင်စင်အပြင် ဝန်ထမ်းပင်စင်နှင့် စွမ်းရည်သတ္တိဘွဲ့အတွက် ရရှိသည့် လစဥ်ချီးမြှင့်ငွေကိုပါ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *