◾အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာ၊ အေးမြတ်သူတို့ တက်ရောက်ခဲ့တဲ့ “ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်ဇာတ်ကားအထူးပွဲကျင်းပ
၂. ၈. ၂၀၂၃
Written By Thandar
တေးသီချင်းတွေများစွာနဲ့ အကောင်းဆုံးကြိုးစား ဖန်တီးထားတဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ် ကားအထူးပွဲကို သြဂုတ်လ ၂ ရက် ညပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ စံရိပ်ငြိမ် ဂမုန်းပွင့်မှာ ကျင်းပခဲ့ရာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာ၊ အေးမြတ်သူ စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။
“ပထမအကြိမ်ရုံတင်တုန်းက ကိုစိုင်းရဲ့ ဇာတ်ကားမို့ ပိုစိတ်လှုပ်ရှားခဲ့ရတယ်။ ကိုစိုင်းရော ဦးပွားရော အားစိုက်ထားတဲ့ကားလေးပါ။ အရည်အသွေးကောင်းတဲ့ ကားပါ။ ၂၀၂၀ အတွက် ရုပ်ရှင်အကယ်ဒမီမှာ ထူးချွန်ဆုအထိရခဲ့လို့ ပီတိဖြစ်ရတယ်။ ဒီဇာတ်ကား ဒုတိယအပတ်အနေနဲ့ ရုံတင်ပြသတဲ့အတွက် ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
ဇာတ်လမ်း နေနော် ၊ ဇာတ်ညွှန်းပိုင်းကို နေနော်နဲ့ အင်ကြင်းဟန်တို့က ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ မီးပွားက ခေတ်ပေါ်အနောက်တိုင်း တေးသီချင်းတွေအပြင် မြန်မာ့ရိုးရာယဥ်ကျေးမှုဖြစ်တဲ့ မြို့မငြိမ်းရဲ့ မြန်မာ့ရိုးရာတီးခတ်မှုတွေ မြန်မာ့ရိုးရာ သင်္ကြန်အငွေ့ အသက်တွေကို ထည့်သွင်းဖန်တီးရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်သူ၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မေသဉ္ဇာဦး ၊ အကယ်ဒမီ အေးမြတ်သူ၊ ပိုးမမှီသာ စတဲ့အနုပညာရှင်တွေနဲ့ ရန်ကုန်နဲ့ မန္တလေးတို့ဘက်က အလှအပနေရာတွေမှာ အကောင်းဆုံး ပုံဖော်ရိုက် ကူးတင်ဆက်ထားတာလည်း ဖြစ်ပါတယ်။
Romantic Love ဇာတ်လမ်းဖြစ်တဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားက ၂၀၂၀ ပြည့်နှစ် မတ်လ ပထမအပတ် ရုံတင်ပြသခဲ့စဉ်တုန်းက Covid-19 ရောဂါထိန်းချုပ်ဖို့အတွက် ရုပ်ရှင်ရုံတွေ ပိတ်ခဲ့ရတာကြောင့် ရုံတင် ပြသခွင့် ရပ်ဆိုင်းခဲ့ရတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ COVID- 19 ကြောင့် ဒီ ရုပ်ရှင်ကားကြီး ကြည့်ချင်ရက်သားနဲ့ မကြည့်လိုက်ရတဲ့ ပရိသတ်တွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာ နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကိုလည်း ရပ်ဆိုင်းထားခဲ့တာလည်းဖြစ်ပါတယ်။
အဆိုတော်သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production ကထုတ်လုပ်ရိုက်ကူးထားတဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ဒုတိယပတ်အနေနဲ့ စတင်ပြီး ရုံတင်ပြန်လည်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၂၀ ပြည့်နှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း အကယ်ဒမီထူးချွန်ဆုတွေဖြစ်တဲ့ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ၊ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု နဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ဆိုတဲ့ ဆု ၄ ဆုကို ရရှိထားတာလည်း ဖြစ်ပါတယ်။