၂. ၈. ၂၀၂၃
Written by Peya
ရေကြီးသည့်ဒဏ်ကို ကြုံနေရသည့် မုဒုံမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် အိမ်အချို့နှင့် စာသင်ကျောင်း တစ်ကျောင်းတို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများထံ မေးမြန်းထားချက်အရ သိရသည်။
နံနက်အစောပိုင်း ၂ နာရီခွဲ အချိန်ခန့်တွင် ၁၀ မိနစ်ခန့် လေပြင်း တိုက်ခိုက်ခဲ့သည့်အတွက် တောင်ပကျေးရွာတွင် အထက်ပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါ ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် လူနေအိမ် ၁၃ လုံး ခေါင်မိုးလန်ခြင်း အပါအဝင် ပျက်စီး ထိခိုက်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
“လေက ကြမ်းတယ်လို့ ပြောတယ်။ မနက် ၂ နာရီခွဲလောက်မှာ ဖြစ်တာ။ လူသွားလာတာ မဟုတ်ဘဲ အိပ်နေတဲ့ အချိန်ဆိုတော့ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ကမာဝက် (NTY-ငွေတိုးရတနာ) လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်း၏ သွပ်အမိုး ၁၇ ချပ်၊ မျက်နှာကြတ်များ၊ သံတန်းများ လန်ထွက်ပျက်စီးခြင်း ဖြစ်ခဲ့ကာ သစ်ကိုင်းများ ကျိုးခြင်းတို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။