◾ ဖျူထိုင်းက ရှစ်ပါတီမဟာမိတ်အုပ်စုမှ MFP ကိုထုတ်ပြီး ဝန်ကြီးချုပ်နေရာအတွက် မဲများယူတော့မည်ဟု ဆိုရမည်လော
၂. ၈. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ၌ မဲအများဆုံးရခဲ့သည့် MFP ပါတီက ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းထားခဲ့သော ရှစ်ပါတီမဟာမိတ် ညွန့်ပေါင်းအုပ်စုအတွင်း ဆက်လက်ပါဝင်ခြင်း ရှိတော့မည်မဟုတ်ဟု ဖျူထိုင်းပါတီက ပြောကြားခဲ့ကြောင်း ထိုမဟာမိတ်အုပ်စုတွင်ပါဝင်သော Palang Sakom Mai ပါတီခေါင်းဆောင် ချာအိုဝါရစ် ခါဂျွန်ပွန်ကီရတ်က ဩဂုတ်လ ၂ ရက်၌ ပြောခဲ့သည်။
၎င်းက ရွေးကောက်ပွဲတွင် ဒုတိယ မဲအများဆုံးရခဲ့သည့် ဖျူထိုင်းပါတီက မဟာမိတ်အုပ်စုဝင်ပါတီများအား MFP အနေနှင့် ဤအဖွဲ့တွင် ဆက်လက်ပါဝင်ခြင်းရှိမည်မဟုတ်ဟု ခေါ်ယူပြောကြားခဲ့သည်ဟုလည်းဆိုသည်။ ထိုရှစ်ပါတီမဟာမိတ် အဖွဲ့ကို ရွေးကောက်ပွဲအပြီးတွင် နိုင်ငံ၏အစိုးရသစ်ဖွဲ့နိုင်ရန်ရည်ရွယ်၍ MFP က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
MFP ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ထိုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အမတ်များနှင့်တွေ့ဆုံအပြီးတွင် ပါတီအနေဖြင့် ပြန်လည်ပြောကြားမည်ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံပါလီမန်တွင် ဩဂုတ်လ ၄ ရက်၌ ပြုလုပ်ရန်ကြေညာထားသည့် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲ မဲပေးရွေးချယ်ပွဲတွင် ဖျူထိုင်းပါတီက အဆိုပြုသူဝန်ကြီးချုပ်လောင်းအား ရွေးချယ်ကြမည်ဟုလည်း သိရသည်။
Ref-Reuters