၂. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်နှောင့်နှေးခြင်းသည် နိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နှေးကွေးမှုများဖြစ်လာနိုင်သလို ခက်ခဲရှုပ်ထွေးမှုများ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သုံးသပ်ပြောဆိုလိုက်သည်။
ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့သော နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးကာကွယ်ရေးအစည်းအဝေးတွင် အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရေးပေါ်ကာလ နောက်ထပ် သက်တမ်းတိုးရန်နှင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားရန် နစက အဖွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အရေးပေါ်ကာလသက်တမ်းထပ်မံတိုးခြင်းနှင့် ရွေးကောက်ပွဲကျင်းပရန်နှောင့်နေခြင်းတို့နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့က ဝေဖန်မှုများရှိခဲ့သော်လည်း အာဆီယံအဖွဲ့က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ” ရွေးကောက် ပွဲကျင်းပဖို့ နှောင့်နှေးခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိစေဖို့ အဟန့်အတားတွေဖြစ်လာနိုင်တယ်။ အင်ဒိုနီးရှားအစိုးရဟာ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို အနီးကပ်စောင့်ကြည့်နေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ အာဆီယံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုများပြန်လည်ရရှိစေရန် နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ အာဆီယံသဘောတူညီချက်ငါးချက်သည် လက်ရှိအချိန်အထိ မျှော်လင့်ထားသလိုမျိုးတိုးတက်မှုများ မရှိသေးကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ အာဆီယံသဘောတူညီချက်ငါးချက်ထဲတွင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်၊အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပေးပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် စသည့်အချက်များဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနေသော်လည်း အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Ref- tempo