၂. ၈ .၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ပစ္စည်းအဟောင်းကောက်ကာ အရောင်းအဝယ်ပြုလုပ်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ နမစ(ပြင်စာ)ရဲ့ မြောက်ဘက် ၁၀ မိုင် ခန့်အကွာ၊ တိုးကြီးကုန်းကျေးရွာ၊ အောင်မြေပတ္တာမြားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာကို ရောက်ရှိစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ဦးချန္ဒရားဗဟာဒူ(၅၂)နှစ်ရဲ့ ဆိုင်မှာ ယာယီတဲထိုးပြီး အလုပ်လုပ်ကိုင်နေထိုင်တဲ့ အလုပ်သမားဖြစ်သူ ဦးအောင်မြင့်ဦး(၃၇)နှစ်မှာ မျက်နှာပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ချောင်းများပြတ်ထွက် ဒဏ်ရာ၊ ယာလက်မောင်း/လက်ဖဝါးတို့ ပေါက်ပြဲဒဏ်ရာများ၊ ယာခြေကျင်းဝတ်/ဒူးအောက် ပေါက်ပြဲဒဏ်ရာများ၊ ယာခြေချောင်းများပြတ်ထွက်ဒဏ်ရာ၊ ဝဲဒူးခေါင်း/ခြေသလုံး ပေါက်ပြဲဒဏ်ရာ အများပြားနဲ့ သေဆုံးနေပြီး အခင်းဖြစ်နေရာအနီးမှ ဓား ၁ ချောင်း၊ ပလာယာ ၁ လက်၊ သံတိုသံစ ၅ ခု တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ဦးအောင်မြင့်ဦး ရဲ့ဇနီးဖြစ်သူ မချိုချိုအေး အား စစ်ဆေးမေးမြန်းခဲ့ရာမှာတော့ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်အချိန်မှာ သေဆုံးသူက ၎င်းရဲ့ တဲအတွင်း ရှိနေစဉ် အဟောင်းပစ္စည်းတွေထဲကနေ ပါရှိလာတဲ့ သံပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးလို့ ယူဆရတဲ့ အရာကို ဓား/ ပလာယာတို့နဲ့ ထိုးဖွင့်ကလော်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး ဦးအောင်မြင့်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ နမစ(ပြင်စာ)က သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၂၃)နဲ့ အမှုရေးဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။