၂. ၈. ၂၀၂၃
Written by Hey Mar
သံလွင်တံတားပေါ်ကနေ အသက် ၃၀ကျော် ကိုရင်ကြီးတစ်ပါး ရေထဲခုန်ချသွားတဲ့ ဖြစ်စဥ် ဒီနေ့ သြဂုတ် ၂ ရက် မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင်အခြေစိုက် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ မုတ္တမဘက်ကနေ မော်လမြိုင်ကို ဦးဇင်းတစ်ပါးနဲ့အတူ အဆိုပါရေထဲခုန်ချတဲ့ ကိုရင်ကြီးက တုတ်တုတ်ဆိုင်ကယ်စီးပြီး အတူလာတယ်လို့ဆိုပါတယ်။ တံတားရဲ့ RC 12 ကွက်နားအရောက်မှာတော့ အိမ်သာတက်ချင်လို့ဆိုပြီး တုတ်တုတ်ကို အတင်းရပ်ခိုင်းတဲ့အတွက် ရပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်မှာတော့ ကိုရင်ကြီးက တံတားဘောင်တန်းကို ကျော်တက်ခွပြီး အလျင်အမြန်ပဲ ခုန်ချသွားတယ်လို့ မျက်မြင်ပြောပြချက်ကို ဘိုဘိုဝင်း အထောက်အကူပြုလူမှုကူညီရေးအသင်း ဥက္ကဋ္ဌက MT News ကို ပြောပါတယ် ။
“ကျွန်တော်တို့ ရောက်တော့ ရေကလည်းတက်နေတယ်။ ရေစီးလည်းရှိနေတယ်။ ဘယ်လိုမှ ဆယ်ဖို့ မလွယ်လို့ ပြန်လှည့်လာခဲ့ရပါတယ်။ ကျန်တဲ့အပိုင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ အဆိုပါ အသင်းမှ ဥက္ကဋ္ဌက ပြောပါတယ်။