၂. ၈. ၂၀၂၃
Written by Peya
ယမန့်နေ့က လွတ်ငြိမ်းသက်သာပေးသည့်အထဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အကျဉ်းထောင် ယနှင့် အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဥ်းသူပေါင်း ၁၆၀၀ ကျော် လွတ်မြောက်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနတွင် ရှိသည့် စာရင်းအချက်အလက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်လျှော့ချပြီး နိုင်ငံခြားသားအကျဥ်းသား ၁၂၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် ဆက်စပ်သူ ၇၂ ဦး၊ အကျဥ်းထောင်အသီးသီးမှ အကျဥ်းကျခံနေရသော အကျဥ်းသား၊ အကျဥ်းသူ ၇၇၄၉ ဦးနှင့် သေဒဏ်ကျတရားခံများအနက် ပြစ်ဒဏ်လွတ်ငြိမ်းသင့်သူများကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မေလ ၁ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လွတ်ငြိမ်းသက်သာခွင့်ပြုသည့်အထဲတွင် အင်းစိန် ဗဟို အကျဉ်းထောင်မှ သတ်မှတ်စည်းကမ်းနှင့် ကိုက်ညီသည့် နိုင်ငံသား အကျဉ်းသား ၁၁၉၆ ဦး၊ အကျဉ်းသူ ၁၄၄ ဦး၊ နိုင်ငံခြားသား အကျဉ်းသား ၁၃ ဦး၊ အကျဉ်းသူ ၁ ဦး၊ ဘင်္ဂါလီ အကျဉ်းသား ၇၄ ဦး၊ အကျဉ်းသူ ၃၆ ဦး စုစုပေါင်း ၁၄၆၄ ဦးကို လွတ်ငြိမ်းပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေသူဌေး အကျဉ်းစခန်းမှ ၃၄ ဦး၊ တောကြီးတန်း အကျဉ်းစခန်းမှ ၁၇ ဦး၊ လှေလှော်အင်း အကျဉ်းစခန်းမှ ၃၃ ဦး၊ အိုင်ကလောင် အကျဉ်းစခန်းမှ ၆၂ ဦး၊ အောင်ချမ်းသာ စခန်းမှ ၄၅ ဦး၊ မင်းကုန်းစခန်းမှ ၂၃ ဦးတို့ကို လွတ်ငြိမ်းချမ်းသာ ပေးခဲ့ခြင်း ဖြစ်သည်။
အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့တွင် မိသားစုများသည် နံနက်အစောပိုင်းက စတင်ကာ လာရောက် စောင့်ဆိုင်းခဲ့ကြခြင်းဖြစ်ပြီး နေ့လယ်ပိုင်း ၁ နာရီကျော်အချိန်က စတင်ကာ ညနေပိုင်း အထိ တစ်သုတ်ပြီး တစ်သုတ် ခွဲလွှတ်ခဲ့ခြင်း ဖြစ်သည်။