October 18, 2024

၂. ၈. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနာမည်ကြီး အမျိုးသမီးအဆိုရှင်အဖွဲ့ Blackpink ရဲ့ အဖွဲ့ဝင် Jisoo နဲ့ နာမည်ကြီး မန်စီးတီး ဘောလုံးသမား ဟာလန်း (Haaland)တို့ဟာ Coupang Play ရဲ့အင်တာဗျူးအစီအစဉ်တစ်ခုမှာ အတူတကွ ပါဝင်ထားကြပြီး အဲ့ဒီအစီအစဉ်မှာ ဟာလန်းကို Jisoo က သူမရဲ့ သီချင်း “Flower” ထဲက ပန်းပွင့်အကကို သင်ပေးခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-02_12-56-57.jpg

Jisoo နဲ့ ဟာလန်းတို့ပါဝင်မယ့် အင်တာဗျူးအစီအစဉ်ရဲ့ အကြိုထွေလာကို တွစ်တာမှာ မနေ့ကတင်ခဲ့ရာမှာတော့ ကြည့်ရှုသူ ၂ ဒသမ ၆ သန်းနဲ့ လိုက်ခ် ၅ သောင်း ၈ ထောင်ကျော် ရရှိခဲ့ပြီး အဲ့ဒီဗီဒီယိုထဲမှာ ဟာလန်းက Jisoo ကို Flower ထဲက အက သင်ပေးစေချင်တယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Jisoo က ဟာလန်းကို အကသင်ပေးခဲ့ပြီး အက ကရာမှာ သုံးဖို့ ပန်းပွင့်လက်စွပ်လေးတောင် ပေးခဲ့ပါသေးတယ်။

This image has an empty alt attribute; its file name is photo_2023-08-02_12-56-56.jpg

Jisoo ရဲ့ Flower သီချင်း ဗီဒီယိုဟာ ထွက်ရှိပြီးကတည်းက ခုချိန်ထိ YouTube မှာ ကြည့်ရှုသူ ၃၄၆ သန်းအထိ ရရှိထားတဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်သလို သီချင်းထဲက ပန်းပွင့်အကဟာဆိုရင်လည်း ကမ္ဘာတစ်ဝန်းက ကာဗာ လိုက်ကသူ အများအပြားကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နော်ဝေနိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် ၂၃ နှစ်ရှိပြီဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဟာလန်း (Erling Haaland) နဲ့ Jisoo တို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေက သဘောကျ အားပေးနေခဲ့ကြတာဖြစ်ပြီး အခု Jisoo သင်ပေးတဲ့ အကကိုလည်း ဟာလန်းက ဘောလုံးပွဲတွေမှာ ဂိုးသွင်းပြီးရင် ကပြတော့မှာလားဆိုပြီး အင်တာနက်အသုံးပြုသူတွေက မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အင်တာဗျူး အစီအစဉ် အပြည့်အစုံကတော့ ဒီနေ့ ညနေမှာ ထွက်ရှိသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref; Twitter

Leave a Reply

Your email address will not be published. Required fields are marked *