October 18, 2024

ဖျူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဆိုပြုမယ်လို့ အမည်ထွက်နေတဲ့ လုပ်ငန်းရှင်သူဌေးကြီး ဆရက်သာ သာဗီဆင်

၎င်းနှင့်လမ်းခွဲလျှင် ဖျူထိုင်းပါတီကိုမထောက်ခံဟု MFP ပါတီပြော

၂. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲကို ဩဂုတ်လ ၄ ရက်မှာ ထပ်မံကျင်းပတဲ့အခါ ဖျူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်လို့ အမည်ထွက်နေတဲ့ ဆရက်သာ သာဗီဆင် အပေါ် အထက်လွှတ်တော်အမတ်တွေက တော်ဝင်မိသားစုအပေါ်စော်ကားမှုကိုအရေးယူတဲ့ဥပဒေနဲ့ ပတ်သက်လို့ သူ့ရဲ့ ရပ်တည်ချက်ကို သံသယရှိကြောင်း ဖော်ပြခဲ့ကြပြီးတဲ့နောက်မှာ ဆရက်သာက Lese Majesty Law လို့ခေါ်ကြတဲ့ တော်ဝင်မိသားစုအပေါ် ပုပ်ခတ်စော်ကားမှုအားအရေးယူတဲ့ဥပဒေနဲ့ ပတ်သက်လို့ ဖျူထိုင်းပါတီက တစ်စုံတစ်ရာဆောင်ရွက်မှာမဟုတ်ဘူးလို့ ဩဂုတ်လ ၁ ရက်မှာ ပြောခဲ့ပါတယ်။

ဆရက်သာ က “တကယ်လို့များ ဖျူထိုင်းကသာ ကျွန်တော့ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုလာရင် Lese Majesty Law လို့ခေါ်ကြတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ဆိုတာမျိုးတွေ လုပ်မှာမဟုတ်ဘူးဆိုတာ အာမခံပါတယ်။ ကျွန်တော်တို့ပါတီက အစိုးရသစ်ဖွဲ့နိုင်ပြီး နိုင်ငံကို ရှေ့ဆက်တိုးတက်ဖို့ပဲရည်ရွယ်တယ်။ လက်ရှိအချိန်မှာ ပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘဝကိုသက်ရောက်မှုရှိတဲ့ကိစ္စတွေကိုဖြေရှင်းဖို့က ပဓာနကျပါတယ်။ စီးပွားရေး တိုးတက်ကောင်းမွန်ဖို့က ပထမဆုံးဦးစားပေးဆောင်ရွက်ရမှာပါ” လို့ ပြောခဲ့ပါတယ်။

မေလ ၁၄ ရက်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွက်စည်းရုံးလှုပ်ရှားမှုတွေအတွင်း ဆရက်သာက ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ထောက်ခံသွားမယ်လို့ ပြောကြားခဲ့တဲ့ ဗီဒီယိုအတိုလေးထွက်ပေါ်လာပြီးတဲ့နောက် အထက်လွှတ်တော်အမတ်တချို့က ဆရက်သာကို ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဇူလိုင် ၁၉ ရက်မှာ Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွန်းရတ်ကို ပါလီမန်က ဝန်ကြီးချုပ်နေရာအတွက်ဒုတိယအကြိမ်အဆိုပြုခွင့် ပယ်ချခဲ့ပြီးနောက် ဖျူထိုင်းပါတီက အဆိုပြုဖို့ရောက်လာချိန်မှာတော့ ဆရက်သာက ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ရှစ်ပါတီမဟာမိတ်အဖွဲ့ရဲ့ အစီအစဉ်မှာမပါဝင်တော့ဘူးလို့ ပြောင်းလဲ ပြောခဲ့ပါတယ်။

ဖျူထိုင်းပါတီရဲ့ သတင်းအရင်းအမြစ်တစ်ခုအရတော့ ဩဂုတ်လ ၄ ရက်မှာ ထပ်မံကျင်းပမယ့် ဝန်ကြီးချုပ်လောင်းနေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲမတိုင်ခင် ကြေညာချက်တစ်ခုထုတ်ပြီး ဖျူထိုင်းအနေနဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ မည်သည့်ဆောင်ရွက်မှုကိုမှ ထောက်ခံမည်မဟုတ်ကြောင်းနဲ့ MFP ပါတီရဲ့ ၎င်း ဥပဒေအား ပြင်ဆင်ဖို့ကြိုးစားမှုအားဆန့်ကျင်ကြောင်း ထပ်မံအတည်ပြုမယ်လို့ဆိုပါတယ်။

ဒီလို ဩဂုတ်လ ၄ ရက်မှာ ကျင်းပမယ့် ပူးတွဲမဲပေးရွေးချယ်ပွဲမှာ ဖျူထိုင်းအနေနဲ့ သူ့ပါတီက အဆိုပြုမယ့် ဝန်ကြီးချုပ်လောင်းအတွက် လိုအပ်တဲ့ထောက်ခံမဲရဖို့ Lese Majesty Law ကို ပြင်ဆင်မှုမပြုလုပ်တော့ဘူးလို့ တစ်ဖက်က ပြောနေသလို ဆရက်သာ အနေနဲ့ စုစုပေါင်း ပါတီ ၁၀ ခု ပူးပေါင်းပါဝင်မယ့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းဖို့ကြိုးစားနေတယ်လို့ ဩဂုတ်လ ၁ ရက်မှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းမှာ ဖျူထိုင်းရဲ့ညွန့်ပေါင်းအဖွဲ့သစ်မှာ ရှစ်ပါတီမဟာမိတ်အဖွဲ့မှာမပါတဲ့ Bhumjaithai ပါတီ၊ the Palang Pracharath ပါတီ(PPRP)၊ Democrat ပါတီ၊ Chartthaipattana ပါတီ နဲ့ Chartpattanakla ပါတီ ငါးပါတီ ပါဝင်တယ်လို့ ဆိုပါတယ်။ တစ်ခါ ရှစ်ပါတီမဟာမိတ်အဖွဲ့မှာ ပါခဲ့တဲ့ အခြားပါတီလေးခုဖြစ်တဲ့ Prachachat ပါတီ၊ Pheu Thai Ruam Palang ပါတီ၊ Sri Ruam Thai ပါတီနဲ့ Plung Sungkom Mai တို့လည်း ပါဝင်ကာ ဖျူထိုင်းအပါအဝင် ပါတီ ဆယ်ပါတီ ပါဝင်တယ်လို့ ဆိုပါတယ်။

MFP မပါဝင်တဲ့ ဒီပါတီဆယ်ခုအင်အားက ၃၀၂ မဲ ရှိတာကြောင့် ဝန်ကြီးချုပ်လောင်းရွေးပွဲမှာ ထောက်ခံမဲ ၃၇၆ မဲပြည့်ဖို့ ၇၄ မဲလိုမှာပါ။ ဒါပေမယ့် ဒီမဲကို အထက်လွှတ်တော်အမတ်များရယ် အောက်လွှတ်တော်မှ စစ်တပ်လိုလားတဲ့ အခြားပါတီများမှထောက်ခံမဲရယ်နဲ့ ကောင်းကောင်းပြည့်နိုင်တယ်လို့ ဖျူထိုင်းက ယုံကြည်ပုံရပါတယ်။

ဒီသတင်းကို ဖျူထိုင်းဘက်က အတိအကျ အတည်မပြုသေးပေမယ့် MFP ပါတီက “ ဖျုထိုင်းအနေနဲ့ ကျွန်တော်တို့ကို လမ်းခွဲပြီး ခုလို တပ်လိုလားတဲ့ပါတီအချို့နဲ့တော့ပူးပေါင်းမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်းသိသင့်ပါတယ်။ တကယ်သာ ဖျူထိုင်းက ကျွန်တော်တို့ပါတီကို လမ်းခွဲ၊ အတိုက်အခံဖြစ်အောင်လုပ်ပြီး သူ့ပါတီ ဝန်ကြီးချုပ်လောင်းအတွက် မဲတွေရအောင်ယူမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဖျူထိုင်းကို လုံးဝမဲပေးမှာမဟုတ်ပါဘူး”လို့ တုံ့ပြန်လာပါတယ်။

ဩဂုတ်လ ၄ ရက် ကျရင် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲမှာ လုံလောက်တဲ့ ထောက်ခံမဲရဖို့ ဖျူထိုင်းက ဘယ်နည်းဗျူဟာကို ကျင့်သုံးလို့ ဘယ်သူနဲ့မဟာမိတ်ဖွဲ့မလဲ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *