October 18, 2024

ဓာတ်ပုံ -ပုလဲအရန်မီးသတ်တပ်ဖွဲ့

၂. ၈. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင် မှတ်တိုင်အနီးမှာ ဒီနေ့ သြဂုတ် ၂ ရက် မနက် ၈ နာရီဝန်းကျင်က ယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ၈တန်းကျောင်းသူတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦး ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ပဲခူး- ရန်ကုန် ပြေးဆွဲတဲ့ မီနီဘတ်စ်က ပြည်လမ်းအတိုင်း ပဲခူးဘက်ကို မောင်းနှင်လာစဥ် လမ်းကြောရဲ့ အောက်ဖက်ကနေမောင်းနှင်နေတဲ့ ပရိုဘောက်စ်ယာဥ်ကို ချိတ်မိမလို ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ကားကို ညာဘက်ဆွဲကပ်လိုက်စဥ် ပျဥ်းမပင်နို့ချက်စက်ရုံ လမ်းထဲကနေ ထွက်လာတဲ့ ကလေးကျောင်းပို့မယ့် ဆိုင်ကယ်ကို တိုက်မိပြီး ဆိုင်ကယ်က ကားနဲ့အတူ ချိတ်ပါသွားခဲ့တယ်လို့ ယာဥ်ပေါ်ပါလာသူ ခရီးသည်တချို့ရဲ့ ​မျက်မြင်ပြောပြချက်ကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-02_11-37-28.jpg

ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က”ကားက နောက်ဆုံး ဆိုင်ကယ်ကို ချိတ်ပြီး လမ်းဘေးက အုတ်တံတိုင်းကို ဝင်ဆောင့်သွားတာ၊ ဆိုင်ကယ်မောင်းလာတဲ့ သူကလည်း ကားအောက်ရောက်သေဆုံးတယ်။ သူ့ဆိုင်ကယ်ပေါ် ပါလာတဲ့ ၈ တန်းကျောင်းသူလေးနဲ့ မူလတန်းအရွယ် သမီးငယ် ၂နှစ်ဦးမှာ ၈ တန်းကျောင်းသူလေးက နေရာတင် ဆုံးတယ်။ အသက် ၅ နှစ်အရွယ် မူလတန်းကျောင်းသူလေးကလည်း ကားအောက်မှာ ညပ်နေတာ။ ဘယ်လက်ကျိုးတယ်။ ညာခြေက အတော်ထိထားတယ် ၊ သူ့ကို ကျွန်တော် ကားအောက်ကနေ ဆွဲထုတ်တော့ အတော် ခဲရာခဲဆစ်ပါ။ ဒါပေမယ့် သတိတစ်ချက်မလစ်ဘူး။ မျက်နှာပေါ်လည်း ကားက အင်ဂျင်ဝိုင်အပူတွေက စီးကျနေတာ။ ကလေးက သူ့ကို ကယ်ပေးပါဦးလို့ အော်နေတာမို့ စိတ်ဓာတ်မကျ သတိမလစ်အောင်အားပေးရင်း ဆွဲထုတ်လို့ မရခင် ခဏမှာ သူ့အပေါ် အင်ဂျင်ဝိုင်အပူတွေ ထပ်မကျအောင် ကျောနဲ့ ကာထားရတယ်။ ရေတောင်းသောက်လို့ ရေနည်းနည်း ကလေးကို စွတ်ပေးပြီးမှ ကျွန်တော်တို့ ကရိန်းနဲ့ ကားကို မ လိုက်ပြီး ကလေးကို လွတ်လွတ်ကျွတ်ကျွတ် သယ်ထုတ်နိုင်ခဲ့ပါတယ်” လို့ ဖြစ်စဥ်ကို မြေပြင်မှာကြုံတွေ့ ကူညီကယ်ဆယ်ခဲ့တာနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

ပဲခူးကားပေါ် ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက် အမျိုးသားလေးဦး၊ အမျိုးသမီးခြောက်ဦး ပေါက်ပြဲ ကျိုးပဲ့ သွေးထွက်ဒဏ်ရာတွေရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာတော့ မရှိဘူးလို့ သိရပါတယ်။ ဒဏ်ရာရှိသူတွေနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စီစဥ်ကြီးကြပ်ပြီး မင်္ဂလာဒုံနယ်မြေမှ လူမှုကူညီရေးအသင်းတွေက သူနာတင်ယာဥ်တွေနဲ့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံကြီးကို အချိန်မီ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *