၂. ၈. ၂၀၂၃
Translated by Tha Doe
မြန်မာသင်္ဘောသားလေးဦး ပါဝင်ပျောက်ဆုံးနေတဲ့ နစ်မြုပ် MV Tung Sung သင်္ဘောကို ပြန်လည်ဆယ်ယူပြီးနောက်မှာ သင်္ဘောပေါ်က အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ည ၁၁ နာရီဝန်းကျင်က နစ်မြုပ်သွားခဲ့တဲ့ ကျောက်စရစ်တင် MV Tung Sung မှာ မြန်မာသင်္ဘောသားလေးဦး၊ မလေးရှားနိုင်ငံသားသုံးဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ပါဝင်ခဲ့တာဖြစ်ပြီး ဒီ ၈ ဦးထဲက ၄ ဦးရဲ့ အလောင်းကို ဇူလိုင် ၂၂ ရက်မှာ ပြန်ရှာတွေ့ခဲ့ပေမဲ့ လေးဦးပျောက်ဆုံးနေတာကြောင့် နစ်မြုပ်သွားတဲ့ MV Tung Sung သင်္ဘောဝမ်းဗိုက်ထဲမှာ ကျန်သင်္ဘောသားလေးဦး ပိတ်မိနေနိုင်တယ်လို့ ကောက်ချက်ယူကာ သင်္ဘောကို ပြန်ဖော်အပြီး ဇူလိုင် ၃၁ ရက် နေ့လယ် ၁၂ နာရီ ၁၄ မိနစ်မှာ အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့တာပါ။
MV Tung Sung ကို ပြန်ဖော်အပြီး ရေယာဥ်ဘေးကင်းကြောင်း အတည်ပြုအပြီးမှာ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ဒီအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရေစုပ်ထုတ်မှုတွေဆက်လုပ်နေသလို အဲဒီလုပ်ငန်းစဥ်ပြီးချိန်မှာ ကျန်တဲ့ရုပ်အလောင်း ၃ ခုကို ဆက်လက်ရှာဖွေမယ်လို့ MMEA (Malaysia Maritime Enforcement Agency) Sarawak က ရေတပ်ဗိုလ်မှူးချုပ် Zin Azman က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထပ်မံတွေ့ရှိထားတဲ့ ရုပ်အလောင်းကို ဆာရာဝက်အထွေထွေရောဂါကုဆေးရုံကိုပို့ဆောင်နေပြီး ရဲတပ်ဖွဲ့ကို လွှဲပြောင်းကာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြုရေးဆက်လက်လုပ်ဆောင်ပေးမှာပါ။ လက်ရှိအချိန်မှာ ရုပ်အလောင်းငါးလောင်းအထိ တွေ့ရှိထားပေမဲ့ ဒီရုပ်အလောင်းတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မထုတ်ပြန်သေးဘဲ ပါဝင်နစ်မြုပ်သူသင်္ဘောသားရှစ်ဦးရဲ့ မိသားစုဝင်တွေဆီက DNA တွေ ရလာမှ စစ်ဆေးအတည်ပြုချက်ထုတ်ပြန်နိုင်မှာလို့ မလေးရှားအာဏာပိုင်တွေက ပြောကြားထားပါတယ်။
MV Tung Sung နစ်မြုပ်မှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၄ ဦးဟာ အသက် ၂၀ နဲ့ ၂၄ နှစ်ကြား လူငယ်တွေဖြစ်ပြီး သူတို့ကတော့ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်း၊ ကိုထွန်းလင်းဦးတို့ဖြစ်ပါတယ်။ MV Tung Sung မှာပါသွားတဲ့ အင်ဒိုနီးရှားသင်္ဘောသားတစ်ဦးကတော့ Lido Ali Purwanto ဖြစ်ပြီး ကျန်တဲ့ Chieng Siew Ngiek, Wong Hua Wu, နဲ့ Stimba Chuit တို့ကတော့ မလေးရှားနိုင်ငံသားတွေဖြစ်ကာ အားလုံးဟာ အသက် ၂၀ နဲ့ ၅၂ နှစ်အကြား လူငယ်လူလတ်ပိုင်းတွေပါ။
Ref. Borneo Post
Photo., News Straits Times & Myanmar Seaman Life At Sea