၂. ၈. ၂၀၂၃
Written by Peya
ယနေ့ ဩဂုတ် ၂ ရက် နံနက်ပိုင်းအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ မိုးလေဝသစခန်းမှ အချက်အလက်များအရ သိရသည်။
နံနက်ပိုင်း ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း အချက်အလက်များအရ သိရသည်။
ထိုသို့ ဖြစ်ပေါ်နိုင်သည့်အတွက် ဘီးလင်းမြို့နယ်အတွင်းက မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ခီပူပါရမြို့ (Khepupara) အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းသို့ ရောက်ရှိခဲ့ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကာ အဆိုပါ မုန်တိုင်းငယ်၏ အရှိန်နှင့် အားအလွန်ကောင်းသော မုတ်သုန်လေကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိ ပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးထားသည်။