November 1, 2024

ဓာတ်ပုံ - ဗြဟ္မစိုရ် လူမှု ကူညီရေးအသင်း

၁. ၈ .၂၀၂၃
Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အကျော် လွယ်ဆမ်ဆစ်တောင်အနီးမှာ ကွတ်ခိုင်မြို့ကနေ အမှုကြားနာစစ်ဆေးပြီး ပြန်လာတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးရဲ့ကား သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ကွတ်ခိုင်မြို့တရားရုံး၊ ရုံးချိန်းမှာ အမှုလာရောက်စစ်ဆေးကြားနာနေတဲ့ ရှေ့နေအမျိုးသမီးနဲ့ သူ့အဖွဲ့သားတွေ အပြန်လမ်းကို နောက်ကနေ လိုက်လံပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် ယာဥ်ပေါ်ပါသူ လူလေးဦးအနက် ယာဥ်ကိုမောင်းနှင်တဲ့ ရှေ့နေအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ နေရာတင်သေဆုံးခဲ့ပြီး အမျိုးသမီးအဖော်အဖြစ် လိုက်ပါလာတဲ့ တူမတော်စပ်သူလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခံရတဲ့ အခင်းဖြစ်နေရာကို သွားရောက်ကူညီခဲ့တဲ့ ကွတ်ခိုင်မြို့အခြေစိုက် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း တာဝန် ရှိသူက “ကျွန်တော်တို့ရောက်တော့ လွယ်ဆမ်ဆစ်နားက နွားမွေးမြူရေးခြံကြီးရဲ့ ခြံစည်းရိုးကို ကားခေါင်းက ဝင်တိုးနေတယ်။ ယာဥ်မောင်းကတော့ ဆုံးနေပြီ။ ကားရှေ့ခန်းက အမျိုးသားတစ်ဦးက ဘာဒဏ်ရာမှ မရပေမယ့် ယာဥ်တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ့ နာကျင်ထိခိုက်တော့ ဖြစ်တယ်။ အမျိုးသမီးတစ်ဦးကလည်း ခြေသလုံးနဲ့ ပေါင်မှာ ကျည်ထိမှန်ထားတယ်”လို့ MT News ကို ပြောပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီစဥ်ညွှန်ကြားချက်တွေအရ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ကွတ်ခိုင်ဆေးရုံကြီးကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး အခုဖြစ်စဥ်နဲ့ ပတ်သတ်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *