၁. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံးပြန်သွားစေရန် လိုလားကြောင်း ကုလသမဂ္ဂက တိုက်တွန်းတောင်းဆိုလိုက်သည်။
နစကအဖွဲ့သည် ဇူလိုင် ၃၁ ရက်နေ့က အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လသက်တမ်းတိုးလိုက်ပြီးနောက် ကုလသမဂ္ဂက ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူဖာဟန်ဟတ်က “ကျွန်တော်တို့ဟာ အာဏာထိန်းသိမ်းမှုကိုဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နစကအဖွဲ့သည် အရေးပေါ်အခြေနေ လေးကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံတွင် အရေးပေါ်ကာလသက်တမ်းတိုးခဲ့ခြင်းအပေါ်စိုးရိမ်မိကြောင်း သတင်းထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ထိန်းသိမ်း ခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးအစီအစဉ်တွေကို ဟန့်တားမှုမရှိဘဲ ခွင့်ပြုပေးစေလိုတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ ငြိမ်းချမ်းမှုများ ပြန်လည်ရရှိစေဖို့ နိုင်ငံရေးမှာပါဝင်နေတဲ့သူအားလုံး စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟု သတင်းထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရအနေဖြင့် နစကကို နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း မက်သရူးမီလာကပြောသည်။
Ref- UN . state.gov