၁.၈. ၂၀၂၃
Written by Thettant
ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့်အခြေခံ စားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖို ချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည် တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန်၊ ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်ရေး၊ အဝင်အထွက်မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လိုအပ်လျှင် ကူညီပံ့ပိုးမှုများ ညှိနှိုင်း ဖြည့်ဆည်းပေးရန် ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် အခြေခံစားကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုတွင် အဓိကဖြစ်သော လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှုတိုးတက်လာစေရေးအတွက် လိုအပ်သောပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာအောင် နည်းလမ်းများရှာဖွေပြီး အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန် စသည့်တာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သည်။