November 1, 2024

၁.၈.၂၀၂၃
Written by Nyein Kyaw & Naing Thuta

ပြည်တွင်း၊ ပြည်ပမှ သံဃာတော်အပါး ၉၀၀ ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားနှင့်အတူ ကျောက်စာရံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းတို့ကို ယနေ့ ဩဂုတ်လ ၁ ရက် (ဒုတိယဝါဆိုလပြည့်နေ့)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်သည့် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားအား ပြည်ပနိုင်ငံများမှ ကြွရောက်လာသည့် သံဃာတော်များက အနေကဇာတင်နှင့် ပဌာန်းတရားတော်များကို အလှည့်ကျရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှနှင့် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးနယ်ပယ်အသီးသီမှပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များက မိမိတို့၏သက်ဆိုင်ရာ ကျောက်စာရံစေတီတော်များတွင် ရွှေထီးတော်များတင်လှူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

ထို့နောက်တွင် ဧည့်ပရိတ်သတ် ၂,၁၀၀ ဝင်ဆံ့သည့် အဂ္ဂါအဓိပတိ သာသနာ့ဗိမာန်တော်၌ သီတဂူဆရာတော် အရှင်ဉာဏိ ဿရဆရာတော်ဘုရားကြီးက ဩဝါဒတရားတော်များဟောကြားပြီး ရေစက်ချအမျှပေးဝေခဲ့သည်။ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘုရားကြီးတည်ထားကိုးကွယ်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာနှင့် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဝင်ရောက်လေ့လာဖူးမြော်သူများအား ယနေ့မှစ ဩဂုတ် ၁၆ ရက်အထိ အခမဲ့ဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်မှ စတင်၍ အခကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *