MT News
၁.၈. ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်လျှော့ချပြီး နိုင်ငံခြားသားအကျဥ်းသား ၁၂၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်သူ ၇၂ ဦး၊ အကျဥ်းထောင်အသီးသီးမှ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၇၇၄၉ ဦးနဲ့ သေဒဏ်ကျတရားခံတွေက ပြစ်ဒဏ်လွတ်ငြိမ်းသင့်သူတွေကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဒီနေ့ကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာကို နစကအစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာတရားရုံးတွေက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထဲက ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့က ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာပါ။
ဦးဝင်းမြင့်ကိုတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့နဲ့ ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာဖြစ်ပါတယ်။