November 1, 2024

၁.၈.၂၀၂၃.
Translated by Htwe Ko Tun

အမေရိကန်နိုင်ငံသား ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အိုလီဗာစတုံးက သူ့အနေနဲ့ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို မဲပေးခဲ့မိမှုအတွက် အခုအခါမှာ အမှားတစ်ခုပြုလုပ်မိခဲ့သလိုဖြစ်ရကြောင်း၊ အကြောင်းမှာ သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းကို လက်နက်အကူအညီတွေ တိုးမြှင့်ပေးနေခြင်းနဲ့ တတိယကမ္ဘာစစ်ကို အစပြုသလို လုပ်ဆောင်နေလို့ပဲဖြစ်ကြောင်း ပြောသွားခဲ့တယ်လို့ ဇူလိုင် ၃၁ ရက် နိုင်ငံတကာသတင်းတွေမှာ ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် အိုလီဗာစတုံးက လက်ရှိအမေရိကန်အစိုးရရဲ့ပြုမူမှုတွေက အမေရိကန်ပြည်ထောင်စုကို တတိယ ကမ္ဘာစစ်အတွင်း ဆွဲသွင်းသလိုဖြစ်နေမှာကိုလည်း စိုးရိမ်မိတာနဲ့ သူ့အနေနဲ့တော့ သမ္မတဘိုင်ဒန်ဟာ စစ်အေးခေတ်စိတ်နေသဘောထား အခိုင်အမာအမြစ်တွယ်နေကာ ယခင်ဆိုဗီယက်ပြည်ထောင်စုကို မုန်းတီးသူဖြစ်တယ်လို့ ရှုမြင်မိပါတယ်လို့လည်း ပြောခဲ့ပါတယ်။

ထင်ရှားလှတဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ အိုလီဗာစတုံးက “သမ္မတအနေနဲ့ အခုဆို သူကိုယ်တိုင် အသက်အရွယ်ကြီးလှပါပြီ။ သူ့အနေနဲ့ အေးအေးဆေးဆေးနေသင့်ပြီ။ သက်ညှာမှုတွေပိုပြီးပြုလုပ်သင့်ပြီ။ သူ့အနေနဲ့ ဒီထက်ဆိုရရင် အစိုးရအဖွဲ့ကိုတောင်ဦးဆောင်တာဝန်ခံမှု ပြုနိုင်တော့မယ်မဟုတ်ပါဘူး” လို့ ပြောခဲ့ပါသေးတယ်။

ဆက်လက်ပြီးတော့ အိုလီဗာစတုံးက “အခုက ကျွန်တော်တို့တွေကို အင်အားကြီးတစ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့အခြေအနေကို ဖန်တီးနေတာပဲ။ သူတို့မှာလည်း လိုက်လျောမှုမပြုနိုင်တဲ့ ကန့်သတ်ချက်တွေရှိတာပေါ့။ ဥပမာဆိုရရင်တော့ နေတိုးက ယူကရိန်းကို ဝင်နေရာယူမှာမျိုးပေါ့” လို့ ပြောခဲ့ပြန်ပါတယ်။

စတုံးက သူ့အနေနဲ့ ဂျိုးဘိုင်ဒန်ကို ၂၀၂၀ မှာ မဲပေးခဲ့မိမှုအတွက် နောင်တရမိတယ်ဆိုတာကို အထူးအလေးပေးပြောခဲ့ပါတယ်။

အိုလီဗာစတုံးက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နှစ်နှစ်ခန့်ကြာတဲ့ကာလအတွင်း ကရင်မလင်နန်းတော်မှာ တွေ့ဆုံမေးမြန်းမှုတွေ ရိုက်ကူးမှုပြုခဲ့ပါတယ်။ သူက ဂျိုးဘိုင်ဒန်အနေနဲ့ စစ်အေးကာလ အမြင်သဘောထားရှိနေသေးတယ်။ သူ့အနေနဲ့ အတိတ်က ဆိုဗီယက်ပြည်ထောင်စုနဲ့ ရုရှားကို ခွဲခြားသိမြင်သင့်တယ်။ လက်ရှိမှာရုရှားဟာ ကွန်မြူနစ်နိုင်ငံလည်း မဟုတ်တော့ပါဘူးလို့ ပြောခဲ့ပါတယ်။

အတိတ်ကာလမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လို့ဆိုပြီး ပူတင်အပေါ် ဝေဖန်မှုတွေလုပ်ခဲ့တဲ့ အိုလီဗာစတုံးက အခုအခါမှာတော့ ရုရှားသမ္မတ ပူတင်ကိုတောင်းပန်မှုပြုခဲ့ပါတယ်။ စတုံးက” အမေရိကန်ရဲ့ မူဝါဒချမှတ်သူတွေအနေနဲ့ ဆိုဗီယက်နဲ့ရုရှားကို ကွဲပြားစွာမသိနိုင်ကြတာကြောင့် သူတို့အဖို့ ရုရှားအစိုးရကို ရန်လိုတဲ့စိတ်ထားတွေဖြစ်လာနေစေရတာပါပဲ။ ဒီအတွေးအခေါ်စိတ်ထားကိုကျွန်တော်တို့က ပြင်ဆင်ပြောင်းလဲခြင်းမလုပ်ရင် ရုရှားကိုချောက်ကမ်းပါးစွန်းတွန်းပို့နေသလိုဖြစ်လိမ့်မယ်။ နောက်ဆုံးမှာတော့ ဖြစ်လာမယ့် အကျိုးဆက်တွေက ကျွန်တော်တို့အတွက်လည်း အများကြီးအကျိုးယုတ်ထိခိုက်စေမယ်။ တတိယကမ္ဘာစစ်တောင်ဖြစ်လာနိုင်တဲ့အလားအလာပဲ” လို့ ပြောသွားခဲ့ပါသေးတယ်။

ရုရှားသမ္မတပူတင်နဲ့ပတ်သက်လို့လည်း စတုံးက “ပူတင်ဟာ ကျိုးကြောင်းဆီလျော်မှုအပေါ် အခြေခံပြီး ပြောဆိုလက်ခံတတ်သူ၊ စိတ်လှုပ်ရှားမှုသိပ်မရှိဘဲ ငြိမ်းချမ်းသူဖြစ်ပါတယ်။ သူက ရုရှားလူမျိုးတို့ရဲ့ အကျိုးစီးပွားကို အမြဲလိုလားတဲ့ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုရမှာပါ။ ဒီနေရာမှာသူ့ကို အမျိုးသားရေးဝါဒီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်သူနဲ့တွေ့ခဲ့သမျှမှာတော့ အခု မီဒီယာတွေကဖော်ပြနေကြသလို သူ့မှာ စိတ်ပုံမှန်မဟုတ်တဲ့၊ လုပ်ခဲ့တာအတွက် တာဝန်ယူမှုမရှိတဲ့၊ လူသတ်ဖို့လိုလားတဲ့၊ နောက်ဆုံး ဟစ်တလာနဲ့တောင်ခိုင်းနှိုင်းနေတဲ့ အပြုအမူ သဘောထားတွေ ဘာမှမရှိ၊ ဘာမှလုပ်တာမတွေ့ပါဘူး” လို့ ပြောသွားခဲ့ကြောင်း သိရပါတယ်။
Ref—- NY Breaking

Leave a Reply

Your email address will not be published. Required fields are marked *