၁.၈. ၂၀၂၃
Written by Nyein Kyaw & Naing Thuta
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်လျှော့ချမည်ဖြစ်ပြီး အကျဥ်းကျတရားခံများ လွတ်ငြိမ်းပေးမည်ဖြစ်ကြောင်း SAC အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ကျင်းပသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားအပြီးတွင် ပြောကြားလိုက်သည်။
“လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရှိတယ်။ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ပတ်သက်ပြီးတော့ ၆ စောင်လား၊ ၇ စောင်လား ထုတ်ပြန်ဖို့ရှိပါတယ်။ အကျဉ်းကျထားတဲ့ အကျဉ်းသားတွေ ခံဝန်နဲ့ပြန်လွှတ်တာ ၇၇၄၉ ဦးရှိပါတယ်။ ပြီးရင်တော့ ပြစ်ဒဏ်ကျခံနေရတဲ့ EAO အဖွဲ့တွေပါ ပါလိမ့်မယ် (TNLA တို့ AA တို့ပါလိမ့်မယ်) ၇၂ ဦး။ ပြီးရင်တော့ တရားစွဲဆိုခံထားရတဲ့ EAO ၇၂ ဦး။ ပြီးရင်တော့ NLD ဥက္ကဋ္ဌဟောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ပြစ်ဒဏ်လျှော့ဖို့ ရှိပါတယ်။ ၅၀၅ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုထားတဲ့အမှု၊ သဘာဝဘေးအစီအမံ ၂၅ နဲ့တရားစွဲဆိုထားတာ ၂ ခုရှိတယ်။ ဆက်သွယ်ရေးနဲ့တရားစွဲဆိုထားတာရှိမယ်။ ပို့ကုန်သွင်းကုန်နဲ့တရားစွဲဆိုထားတာ ပေါင်း ၆ နှစ် ပြစ်ဒဏ်လျှော့ဖို့ရှိပါတယ်။ သမ္မတဟောင်း ဦးဝင်းမြင့် ပြစ်ဒဏ်လျော့ဖို့ ၄ နှစ်ရှိပါမယ်။ သဘာဝဘေးစီမံက ၂ နှစ်၊ ၅၀၅(ခ)နဲ့က ၂ နှစ် ပြစ်ဒဏ်လျှော့ဖို့ရှိပါတယ်။ အဲ့ဒီခုနှစ်စောင်ထုတ်ပြန်ဖို့ရှိပါတယ်။ အဲ့ဒီလောက်ပါပဲ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ လတ်တလောထွက်ပေါ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား အကျဥ်းထောင်မှ အစိုးရအဆောက်အအုံတစ်ခုသို့ ပြောင်းရွှေ့သည်ဆိုသည့် AFP သတင်းဌာနသတင်းဖော်ပြမှုနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခင်ပြောဆိုသည့်အတိုင်း တစ်စုံတစ်ရာသိရှိထားခြင်းမရှိကြောင်း ထပ်မံပြောကြားသွားခဲ့သည်။