၂၉. ၇. ၂၀၂၃
Written by Peya
ယခုလအတွင်း တတိယအကြိမ်မြောက်အဖြစ် မိုင်းဖုန်း ဆရာတော်ကြီးကို ထိုင်းနိုင်ငံသို့ ဆေးဝါးကုသမှု ခံယူရန်အတွက် ပို့ဆောင်ထားရကြောင်း တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) က MT News သတင်းဌာနသို့ မိန့်ကြားသည်။
မိုင်းဖုန်းဆရာတော်ကို ဇူလိုင်လ ၂၈ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ဆေးရုံသို့ ဆေးဝါးကုသရန်အတွက် ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။
“ဘာဖြစ်သလဲဆိုတော့ အားနည်းတာပေါ့။ သွေးအားနည်း ပုံစံမျိုး ဖြစ်တာပါ။ ဟိုရောက်တော့ ဆေးချိတ်တာတွေ ဘာတွေ လုပ်ပြီး လန်းလန်းဆန်းဆန်းတော့ ပြန်ဖြစ်လာပြီလို့ ပြောပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
သွေးအားနည်းခြင်းနှင့် အနည်းငယ် မောခြင်းတို့ ဖြစ်ပေါ်သည့်အတွက် ယခုကဲ့သို့ ပို့ဆောင်လိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်ဟုလည်း ဆရာတော်က မိန့်ကြားသည်။
ဝါတွင်း ၃ လ အဓိဌာန်ဝင်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) မိုင်းခန် ဖဝတ်ဂူသို့ အဓိဌာန်ဝင် ကြွရောက်ခဲ့ပြီး မဝင်မီ မနက်ပိုင်းက မှိုဆွမ်းဟင်း ဘုဉ်းပေးရာ မှိုဆိပ်တက်သည့် ဝေဒနာကို ခံစားခဲ့ရသောကြောင့် ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ရသေးပြီး ဇူလိုင်လ ၉ ရက်တွင် ပထမအကြိမ် ဆေးရုံက ဆင်းခဲ့ရခြင်းဖြစ်ကာ ဇူလိုင် ၁၄ ရက်တွင် ဒုတိယအကြိမ် ဆေးရုံတက်ကာ ဇူလိုင် ၁၉ ရက်တွင် ပြန်ဆင်းပြီးနောက် ယခုတွင် တတိယအကြိမ်အဖြစ် ဆေးရုံထပ်မံတင်ခဲ့ရခြင်း ဖြစ်သည်။