၂၉. ၇. ၂၀၂၃
Written by Peya
ဩဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်သည့်အတွက် မုတ်သုံအားကောင်းဖွယ်ရှိသောကြောင့် ရေကြီး ရေလျှံမှုကို ဂရုပြုရမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။
ဩဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ရာ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ခြင်း ဖြစ်သည်။
“များသောအားဖြင့်တော့ ဩဂုတ်လကတော့ မိုးလယ်ပဲ ရှိပါသေးတယ် မုတ်သုံကာလပေါ့။ လေဖိအားနည်းရပ်ဝန်းဖြစ်ရင်တော့ မုတ်သုံပိုအားကောင်းစေတဲ့ အနေအထားတော့ ရှိတာပေါ့။ မုတ်သုံအားကောင်းရင်တော့ မိုးကောင်းမှာ။ ဒီကာလမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်တာပဲ ရှိရှိ များသောအားဖြင့် အိန္ဒိယဘက် ဖြတ်တာများတယ် ဆိုတော့ မြန်မာနိုင်ငံက စိုးရိမ်စရာမရှိပါဘူး။ မုတ်သုံအားကောင်းတော့ မိုးတော့ ပိုကောင်းလာတာ ရှိမှာပေါ့။ မုတ်သုံမိုးကောင်းတဲ့ နောက်ဆက်တွဲက မြစ်ရေကြီးတာတို့ ရေကြီးရေလျှံတာတို့ သတိပြုရမှာပေါ့” ဟု ဦးလှထွန်းက ဆိုသည်။
မုတ်သုံအားကောင်းသည်ဟုဆိုရာတွင် မုတ်သုံလေနှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကမ်းရိုးတန်းသည် မုတ်သုံကို ဦးစွာခံစားခြင်းဖြစ်ပြီး ထို့နောက်မှ အလယ်ပိုင်းဒေသသို့ ရောက်ခြင်းဖြစ်ရာ လက်တလောတွင် ရခိုင်ကမ်းရိုးတန်းက မိုးနည်းနေကာ ယခုနှစ်တွင် မုတ်သုံအားကောင်းသည် နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသတွင် မိုးများတတ်ခြင်း ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
လာမည့်လအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်က နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။