၂၉. ၇. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံအနေဖြင့် e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက်လက်ဆောင်ရွက်ရန် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဇူလိုင်လ ၂၈ ရက်က ပြုလုပ်သည့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃)တွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ မိုဘိုင်းစနစ်သုံး မြန်နှုန်းမြင့် အင်တာနက်အနေနဲ့ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ကိုလွှမ်းခြုံနိုင်ပြီဖြစ်ပေမယ့် Fixed Broad band မှာတော့ သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာ ရှိနေသေးတဲ့အတွက် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို မြို့ကြီးတွေသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်အောင် ဆက်လက်ဆောင်ရွက်သွားရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် e-Commerce Law ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ပထမမူကြမ်းကိုရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“Digital Economy ရဲ့ အဓိကကျ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ Digital Trade နဲ့ e-Commerce ကို အောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင်ဖို့နဲ့ မလိုလားအပ်တဲ့ဖြစ်ရပ်များကို တားဆီးနိုင်ဖို့အတွက် ဥပဒေ၊ စည်းမျည်းတွေနဲ့ ထိန်းကျောင်းဖို့ လိုအပ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် (၁၂) ချက်နှင့်အညီ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်နေသည့် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲပြီးဖြစ်တဲ့ Roadmap ကို ဖြည့်စွက်မွမ်းမံရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများလိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များရရှိစေရန်၊ အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက် ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွေမှာ အကျိုးရှိစွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ထိုမှတစ်ဆင့် ထုတ်ကုန်များကို ဝက်ဘ်ဆိုတ်များမှတစ်ဆင့် ဈေးကွက်ရှာဖွေခြင်း၊ ငွေပေးချေမှုကိုလည်း လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာပြီး နိုင်ငံ့စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။