October 18, 2024

၁၇. ၇. ၂၀၂၃
Translated by Htwe Ko Tun

နီပေါနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ သတင်းနှင့်နည်းပညာကဏ္ဍ(အိုင်တီ)တို့၌ အလုပ်အကိုင်များရရှိရန်ဟူ၍ ကတိပေးခေါ်ယူမှုများ၌ အားလုံးကို ယုံကြည်မှုမရှိဘဲ လှည့်ဖြားခေါ်ယူမှုများကို သတိပြုကြစေလိုကြောင်း နီပေါအစိုးရက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်တွင် ခရီးသွားအကြံပေးချက်တစ်ခုထုတ်ပြန်ခဲ့ရာ၌ မြန်မာနိုင်ငံအတွင်း ပြည်နယ်တစ်ခုတွင် နီပေါနိုင်ငံသားများအား ဓားစာခံဖမ်းဆီးကာ ဥပဒေနှင့်မညီသော အလုပ်များ၌ လစာမဲ့ အတင်းအဓမ္မခိုင်းစေလုပ်ကိုင်နေကြရသည်ကို သိရှိရကြောင်း ပြောခဲ့သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ထိုင်းနိုင်ငံမှတဆင့် နယ်စပ်တွင်ရှိသော မြန်မာနိုင်ငံ၏ ကရင်ပြည်နယ်အတွင်းသို့ နီပေါနိုင်ငံသားများကို ကုန်းလမ်းမှ ခေါ်ဆောင်သွားခဲ့ကြကြောင်း၊ ထို့နောက်အလုပ်ရှင်များက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကိုပါ သိမ်းယူကာ ၎င်းတို့ကို တစ်နေ့လျှင် ၁၂ နာရီမှ ၁၃ နာရီထိ အွန်လိုင်းပေါ်တွင် လိမ်ညာလှည့်ဖြားမှုများအပါအဝင် ဥပဒေနှင့်မညီသော အလုပ်များကိုခိုင်းစေနေကြကြောင်း သိရသည်ဟု ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ထိုသို့ဖမ်းဆီးခေါ်ဆောင်၍ မြန်မာနိုင်ငံအတွင်း သောင်တင်နေကြရသော နီပေါနိုင်ငံသားအချို့က နီပေါနိုင်ငံရှိ ၎င်းတို့ဆွေမျိုးများနှင့် ဘန်ကောက်နှင့် ရန်ကုန်မြို့များရှိ နီပေါသံရုံးများသို့ ၎င်းတို့အားကယ်ဆယ်ရန် ဆက်သွယ်လာခဲ့ကြကြောင်းလည်း သိရသည်။

နီပေါသံရုံးများအနေဖြင့်လည်း သက်ဆိုင်ရာအစိုးရများနှင့် ပူးပေါင်းညှိနှိုင်းကာ နီပေါနိုင်ငံသားများကိုကယ်ဆယ်နိုင်ရန် အားထုတ်မှုအချို့လည်းပြုခဲ့ကြောင်း၊သို့သော် အဆိုပါဒေသက ပဋိပက္ခများဖြစ်ပွားနေရာနယ်မြေဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနကပြောခဲ့သည်။

ထို့ပြင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပအလုပ် အကိုင်သွားရောက်ကြရာတွင် နီပေါနိုင်ငံ၏ပြည်ပသို့သွားရောက်လုပ်ကိုင်မှုဥပဒေများနှင့်အညီ အလုပ်ခွင့်ပြုချက်ပါမစ်များ ရရှိကြရန်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်သွားရောက်လုပ်ကိုင်ရာ၌ အလုပ်ကုမ္ပဏီများနှင့် အလုပ်ရှင်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ရရှိနိုင်ရန်ကြိုးစားကာ ထိုနိုင်ငံများသို့ ကမ္ဘာလှည့်ခရီးသွား(သိုမဟုတ်)အလည် အပတ်ခရီး ဗီဇာ ပြည်ဝင်ခွင့်တို့ဖြင့် မသွားကြစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref—–Kathmandu Post

Leave a Reply

Your email address will not be published. Required fields are marked *