October 18, 2024

၂၉. ၇. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ကမ္ဘာ့လှည့် ဖျော်ဖြေရေးခရီးစဉ် The Eras Tour ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ အမေရိကန်ပြည်ထောင်စု၊ ဆီယက်တဲလ်မြို့မှာရှိတဲ့ လူမန်ဖီးလ်အားကစားကွင်းမှာ ဖျော်ဖြေပွဲကျင်းပခဲ့ပြီး ဖျော်ဖြေပွဲအတွင်း သီချင်းသံတွေ၊ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ ကခုန်မှုတွေကြောင့် ငလျင်အသေးစားတစ်ခုနဲ့ညီမျှတဲ့ တုန်ခါမှူကို ဒေသတွင်း ငလျင်တိုင်းတာမှုကနေ တွေ့ရှိခဲ့တယ်လို့ ငလျင်ပညာရှင် Jackie Caplan-Auerbach ရဲ့ မနေ့က ပြောကြားချက်အရ သိရပါတယ်။

တေလာဆွစ်ဖ်ပရိသတ်တွေရဲ့ ပြင်းထန်လှတဲ့အားပေးမှုတွေကြောင့် ကမ္ဘာမြေကို တုန်ခါစေခဲ့တာဟာ ပြင်းအား ၂ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုနှင့် ညီမျှတယ်လို့လည်း သိရပြီး ခုလို ပြင်းအားရှိတဲ့ တုန်ခါမျိုးကိုဖြစ်စေခဲ့တဲ့ တေလာဆွစ်ဖ်ပရိသတ်တွေရဲ့ အားပေးမှုဟာ ကမ္ဘာပေါ်မှာ စံချိန်တင်လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

တေလာဆွစ်ဖ်ကိုယ်တိုင်တောင်မှ သူမရဲ့ပရိသတ်တွေရဲ့ စွမ်းအင်ကို ခံစားခဲ့ရပြီး “မင်းတို့ရဲ့ အဆုတ်ထဲက အော်ဟစ်အားပေးမှုတွေ၊ အော်ဟစ်တာတွေ၊ ကခုန်တာတွေနဲ့၊ သီချင်းဆိုပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်” လို့လည်း တနင်္လာနေ့မှာ ဆီယက်တဲလ်က ပရိသတ်တွေကို ပြောကြားခဲ့ပါသေးတယ်။

တေလာဆွစ်ရဲ့ Eras Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ဟာ ထူးခြားလှတဲ့ အောင်မြင်မှုတွေနဲ့ သူမဖျော်ဖြေခဲ့တဲ့မြို့တွေမှာ အပြုသဘောဆောင်တဲ့ စီးပွားရေးအကျိုးသက်ရောက်မှုတွေကြောင့် နိုင်ငံရေးသမားတွေနဲ့ အစိုးရအရာရှိတွေကပါ Eras Tour ကို သူတို့ရဲ့နိုင်ငံတွေမှာ လာဖျော်ဖြေဖို့ အားထုတ်တာတွေရှိခဲ့ပြီး တေလာဆွစ်ဖ်ရဲ့ အရှေ့တောင်အာရှမှာ ကျင်းပမယ့် သူမရဲ့တစ်ခုတည်းသော ဖျော်ဖြေပွဲအနေနဲ့ကတော့ ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်ကနေ ၄ ရက်၊ ၇ ရက်ကနေ ၉ ရက်တို့မှာ စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *